BREAKING
April 18, 2025

ထားဝယ်ခရိုင်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နေ့ဘက် ရှစ်ရက်ကြာ လျှပ်စစ်ဓာတ်အားပြတ်မည်

February 5, 2025

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ တွင် ဖေဖော်ဝါရီလ ၈ ရက်ကစပြီး နေ့ဘက် လျှပ်စစ်ဓာတ်အား ရှစ်ရက်ကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း Petro & Trans ကုမ္ပဏီက ယနေ့ ထုတ်ပြန်သည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအထွေထွေရန်ပုံငွေဖြင့် ထားဝယ်ဆေးရုံကြီးနှင့် ထားဝယ်လေဆိပ်သို့ ၁၁ ကေဗွီ သီးသန့် ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သောကြောင့် နံနက် ၉ နာရီမှ ညနေ ၃နာရီအတွင်း တစ်ရက်လျှင် ခြောက်နာရီကြာ ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဖေဖော်ဝါရီလ ၈ရက်၊ ၉ရက်၊ ၁၃ရက်၊ ၁၅ရက်၊ ၁၆ရက်၊ ၁၇ရက်၊ ၁၉ရက်နှင့် ၂၂ရက်တို့တွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ညဘက်တွေ မပါပါဘူး။ (ဓာတ်အားလိုင်း တိုးချဲ့ဖို့) အလုပ်လုပ်နေတဲ့ နေ့ခင်းဘက်တွေပဲ ပိတ်မှာပါ” ဟု ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် ကြားရက်များတွင်မူ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဇောတိကကမ်းလွန် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရန် Petro & Trans ကုမ္ပဏီက ထားဝယ်ခရိုင်တွင် ခုနစ်ရက်ကြာ လျှပ်စစ်မီး အလှည့်ကျပေး ကျစနစ်ဖြင့် လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့ တွင် အလှည့်ကျသတ်မှတ်ထားသည့်အချိန်တွင် လျှပ်စစ် ဓာတ်အားမရသဖြင့် ဝေဖန်မှုများ မြင့်တက်ခဲ့သေးသည်။