အာဏာသိမ်းကာလ လေးနှစ်အတွင်း ပြည်သူများကို စစ်ကောင်စီဘက်တော်သားများက ငွေထုတ် ငွေညှစ်နိုင်သည့် စက်များသဖွယ် ရှုမြင်လာကြသည်။
ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများ၊ တော်လှန်ရေးတပ်များနှင့် ဆက်နွယ်ပတ်သက်သည်ဆိုသည့် စွပ်စွဲချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်သည်ဆိုသည့် အမျိုးမျိုးသော ခေါင်းစဉ်အောက်တွင် ပြည်သူများ လည်စင်းခံ အဖမ်းခံနေရသည်။
ခေါင်းစဉ်အမျိုးမျိုး၊ စွပ်စွဲချက်အဖုံဖုံဖြင့် နီးရာပြည်သူကို ဖမ်းဆီးစစ်ဆေးပြီး အပြစ်ရှာမတွေ့လျှင်လည်း အလွယ်တကူ ပြန်မလွှတ်တော့ဘဲ ငွေကျပ်သိန်းဆယ်ချီ၊ ရာချီ တောင်းခံလေ့ရှိသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာသည်။
၎င်းတို့တောင်းသည့်ငွေပမာဏ မပေးမချင်း ချုပ်နှောင်ဖမ်းဆီးထားလေ့ရှိပြီး မိသားစုက ပြန်ရွေးနိုင်မှ ပြန်လွတ်လာကြသည်။ လူများများ ဖမ်းဆီးပြီး ငွေများများတောင်းသည့် ဗျူဟာတို့ကို ကျင့်သုံးလာကြသည်။
ပြည်သူများမှာလည်း သားသမီးများ အဓမ္မစစ်မှုထမ်းစုဆောင်းခံရမည်၊ အပြစ်မရှိဘဲ ထောင်သွင်းအကျဉ်းချခံရမည်တို့ကို စိုးရိမ်သဖြင့် ငွေကြေးအကုန်အကျများစွာဖြင့် ပြန်ရွေးနေကြရသည်။ ငွေကြေးမတတ်နိုင်သူများမှာ ချေးငှား ပေးရသဖြင့် နှစ်နဲ့ချီ အလုပ်လုပ်ပြီး ပြန်ဆပ်နေကြရသည်။
ထို့ကြောင့် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီဘက်တော်သားများ၏ နည်းလမ်းမျိုးစုံသုံးပြီး ငွေညှစ်နေသည့် အနေအထား၊ ကိုယ်တိုင်ကြုံတွေ့ခံစားရသူများ၏ ဖွင့်ဟချက်တို့ကို တနင်္သာရီအပတ်စဉ်ပုံရိပ်အစီအစဉ်အဖြစ် တင်ဆက်လိုက်သည်။
“အဖမ်းခံရပြီဆိုရင် သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီလေ။ သူတို့တောင်းသလောက် ပေးရတော့မယ်ဆိုတာ သိသွားကြပြီ။ အဲဒါကြောင့် ရသလောက်တောင်းကြတာ”
ဖမ်းဆီးခံရဖူးသည့် လောင်းလုံးဒေသခံလူငယ်တစ်ဦး
DW ။ စစ်ကောင်စီတပ်က ဖမ်းသွားပြီး ဘယ်လိုပြန်လွတ်လာတယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဖြေ ။ ဖမ်းတဲ့အချိန်ကတည်းက သူတို့ကပြောတယ်။ ဖုန်းထဲမှာစစ်ပြီး ဘာမှမတွေ့တော့ ပြန်လွှတ်ပေးမယ်ဆိုပြီး။ သူတို့စစ်ကြောင်းထိုးပြီး ပြန်တဲ့အချိန်ကျရင် ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ လွှတ်လည်း မလွှတ်ပေးဘဲနဲ့ (လောင်းလုံးမြို့) ရဲစခန်းရောက်မှ အဲဒီကနေ ပြန်လွတ်လာတာပေါ့။
DW ။ လောင်းလုံးရဲစခန်းမှာ ပိုက်ဆံပေးရသေးလား။
ဖြေ ။ ပိုက်ဆံနဲ့ထုတ်လာရတာပေါ့။ (ကျပ်) ၅၈ သိန်းနဲ့ ထုတ်ရတာ။ ရဲစခန်းထဲကို ရောက်ရောက်ချင်းတော့ သူတို့က ပိုက်ဆံနဲ့ထုတ်မယ်ပြောလည်း မရဘူး။ အိမ်နဲ့လည်း ပေးမတွေ့ဘူး။ တစ်ပတ်လောက်ကြာမှ အိမ်ကလူတွေနဲ့ တွေ့ရတာ။ အဲဒီမှာသူတို့က အမေ့ကိုပြောလိုက်တယ်။ ခင်ဗျားသားဖုန်းထဲမှာ စစ်ဆေးတာ တွေ့တယ်ဆိုပြီး အမေကိုလိမ်ပြောလိုက်တာ။ (ကျပ်) သိန်းတစ်ရာတောင်းတယ် ပထမဆုံး။ အမေကတော့ ဘာမှပြန်မပြောဘဲနဲ့ အဲဒီနေ့က ငိုပြီးပြန်သွားတယ်။ သိန်းတစ်ရာဆိုရင် သူထုတ်ပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ဆွေမျိုးတွေကို သွားပြောပြတယ်တဲ့။ နောက်နေ့ တစ်ခါ(ရဲစခန်း) ပြန်လာပြီးလာပြောတော့လည်း သူတို့က မလျှော့နိုင်ဘူးဘဲ ပြောနေတယ်။ သိန်းတစ်ရာဆိုရင်တော့ အမေကလည်း မထုတ်ပေးတော့ဘူးလို့ ပြောလိုက်တော့ သူတို့ကမေးတယ်တဲ့။ ခင်ဗျားမှာ ဘယ်လောက်ပါသလဲဆိုပြီး။ အမေကတော့ (ကျပ်သိန်း) ငါးဆယ်ပါတယ်ပြောတော့ အဲဒါကို သူတို့က ယူခဲ့လိုက်တယ်။ နောက်နေ့ကျရင် ကျွန်တော့်ကို လွှတ်ပေးမယ် ဆိုပြီးလည်း ပြောလိုက်တယ်။ နောက်နေ့ကျတော့ ကျွန်တော့်ကို ပြန်လာခေါ်တာပေါ့နော် အမေက။ အဲဒီမှာ အချုပ်ခန်း စောင့်တဲ့ ရဲတစ်ယောက်ရှိတယ်။ အသက်ကြီးပိုင်းထဲဖြစ်နေပြီ။ သူကတစ်ခါထပ်ပြီး ပိုက်ဆံတောင်းပြန်တယ်။ အချုပ်ခန်းသော့က သူ့ဆီမှာ သူ့လွှတ်ပေးမှရမယ်ဆိုပြီး။ အဲဒါနဲ့အမေလည်း ရွာတစ်ခါပြန်ဆင်းသွားပြီး ပိုက်ဆံထပ်သွားရှာ။ ပြီးမှတစ်ခါပြန်လာပြီး ကျွန်တော်ကိုလာပြန်ခေါ်ရတာ။ အဲဒီမှာလည်း ဆယ်သိန်းတောင်းတာ ရှစ်သိန်းနဲ့ အဆင်ပြေသွားတယ်။ မနက်မိုးလင်းကတည်းက လွတ်မှာကို ညနေမိုးချုပ်မှ ကျွန်တော်အိမ်ပြန်ရောက်တယ် အဲဒီနေ့က။
DW ။ အဲဒီထုတ်ပေးရတဲ့ ပိုက်ဆံ ၅၈ သိန်းကို အမေက ဘယ်ကရှာလာရတာလဲ။
ဖြေ ။ အိမ်မှာရှိတာ နည်းနည်းပါးပါးနဲ့ ကျန်တာကတော့ အဲဒီလိုမျိုးပဲ ဟိုလူဆီကနည်းနည်း လိုက်ချေးထားရတာပေါ့။ အခုတော့ ကျွန်တော်လှေလိုက်ပြီး ရတာနဲ့ အဲဒီအကြွေးတွေကို ဆပ်ပေးနေရတယ်။ သိန်း ၃၀ ကျော်ဆပ်ရမှာဆိုတော့ တစ်နှစ်လောက်ကို ဆပ်ရမှာ။
DW ။ အချုပ်ထဲမှာ ဘယ်လောက်နေလိုက်ရလဲ။
ဖြေ ။ အားလုံးဆိုရင်တော့ ၄၈ ရက်ပေါ့။ စဖမ်းတုန်းကနေ လမ်းမှာစစ်ကြောင်းနဲ့အတူတူပါနေတာ ၇ ရက်လောက်ရှိတယ်။ အဲဒီကနေမှ (….) ရွာက နှစ်ထပ်တိုက်အိမ်ကြီးမှာက နှစ်ရက်အိပ်ရတယ်။ ကျန်တာကတော့ အချုပ်ထဲမှာနေရတာပေါ့။ အဲဒီမှာလည်း အမေက တစ်ပတ်တစ်ခါ လာတွေ့ရင် အချုပ်ခန်းစောင့်တဲ့ရဲကို တစ်ခါလာ (ကျပ်) ငါးထောင်၊ တစ်ခါလာ တစ်သောင်း အမြဲပေးပေးနေရသေးတာ။
DW ။ အတူတူအဖမ်းခံရတဲ့သူတွေရော ပိုက်ဆံနဲ့ပဲ ထုတ်ကြရတာလား။
ဖြေ ။ အချုပ်ထဲရောက်သွားတဲ့သူကတော့ အားလုံးပိုက်ဆံနဲ့ထုတ်ရတာပဲ။ ကျွန်တော်အဖမ်းခံရတုန်းက အားလုံး ၁၂ ယောက် ရှိတယ်။ ဟိုစစ်ကြောင်းက တစ်ယောက်ဖမ်းလာ၊ ဒီစစ်ကြောင်းက တစ်ယောက်ဖမ်းလာနဲ့ အားလုံးအချုပ်ထဲမှာ လာတွေ့ကြတာ။ လူကြီးပိုင်းဆိုရင် ထုတ်ရတာလွယ်တယ်။ တစ်ပတ်၊ နှစ်ပတ်လောက်နေရင် လွှတ်လွှတ်ပေးလိုက်တယ်။ လူငယ်ပိုင်းဆိုရင် တော်တော်နဲ့လွှတ်မပေးဘူး။ အရစ်ရှည်ပြီး ထားထားတာ။ ကျွန်တော်လွတ်လာတဲ့နေ့ကဆိုရင် ကျွန်တော် သူငယ်ချင်းတစ်ယောက် အထဲမှာ ငိုပြီးကျန်ခဲ့တာ။ သူ့တို့အိမ်က လာထုတ်မပေးနိုင်လို့ သူကထွက်မရဘူး။ သူ့အိမ်က ကျွန်တော်ထက်ကို ဦးပြီးလာထုတ်ပေးတာ။ ဒါပေမဲ့ သူမှာက ဖုန်းထဲမှာ တွေ့တာတွေရှိလို့ (ကျပ်) သိန်းနှစ်ရာလောက် တောင်းတယ်လို့ပြောတယ်။ ဈေးဆစ်လို့လည်းမရဘူးတဲ့။ အဲဒီမှာ (လောင်းလုံးရဲစခန်းအချုပ်) မှာ ထုတ်မရရင် သူတို့က ထားဝယ်ကိုပို့ပြီး တရားစွဲတယ်လို့ပြောတယ်။
DW ။ စစ်ကောင်စီတပ်ကနေပြီး အဲဒီလိုမျိုး ပိုက်ဆံတောင်းတောင်းပြီးမှ ပြန်လွှတ်ပေးနေတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ဘာအပြစ်မှလုပ်ထားတာမရှိရင် လွှတ်ပေးရမှာကို မလွှတ်ပေးဘဲနဲ့ အဲဒီလိုလုပ်စားနေတာ။ သူတို့ပါးစပ်က ထွက်လိုက်ရင် (ကျပ်) သိန်းငါးဆယ်၊ (ကျပ်) သိန်းတစ်ရာ အဲဒီလိုတွေ အကြီးကြီးတွေပဲ။ ဆယ်သိန်း၊ ငါးသိန်း အဲဒီလောက်ဆို လုံးဝကိုစိတ်ဝင်မစားဘူး။ သူတို့က စာတတ်သွားကြပြီ။ အဖမ်းခံရပြီဆိုရင် သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီလေ။ သူတို့တောင်းသလောက် ပေးရတော့မယ်ဆိုတာ သိသွားကြပြီ။ အဲဒါကြောင့် ရသလောက်တောင်းကြတာ။ ဒီဘက်ကလည်း စိတ်ပူတာပေါ့နော်။ ပါသွားမှာစိုးတာကိုး။ ထားဝယ်ကိုရောက်ရင် ပိုဆိုးမှာကိုး။ အဲဒီတော့ တောင်းသလောက်ကို ပေးရတော့တာပေါ့။
DW ။ ကျေးဇူးတင်ပါတယ်။
“ကိုယ်လည်း ဘာမှမလုပ်ရဘဲ အဖမ်းခံရပြီး မိသားစုက ငွေကြေးနဲ့လာဘ်ထိုးခဲ့ရတာကို ပြန်သိရတော့ လုံးဝမကျေနပ်သေးဘူး”
ကံပေါက်ရွာသား၊ ရေဖြူမြို့နယ်။
၎င်းသည် မောရဝတီရေတပ်တွင် လဝက်ခန့် ဖမ်းဆီးစစ်ဆေးခံရပြီး မိသားစုက ငွေပေးပြီး ပြန်ရွေးလာရသူဖြစ်သည်။
DW ။ မောရဝတီရေတပ်က အစ်ကို့ကို ဘယ်လို လာဖမ်းခဲ့တာလဲ။ ဘယ်လောက်ကြာကြာနေခဲ့ရလဲ။ ဘယ်ကြောင့်လာဖမ်းတာလဲ ။
ဖြေ ။ အိမ်မှာပဲ ညဘက်ဝင်ခေါ်သွားတာပါ။ ရေတပ်မှာ ဆယ့်ငါးရက်လောက် နေခဲ့ရတယ်။ သူတို့ (စစ်သား) တွေက လာခေါ်တုန်းကတော့ PDF နဲ့ ဆက်စပ်တယ်လို့ တိုင်ထားတာရှိတယ်။ စစ်ဆေးစရာရှိလို့ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။
DW ။ ရေတပ်ထဲမှာ ဘယ်လိုစစ်ကြောခံရလဲ။ ဘယ်လိုပြန်လွတ်လာလဲ ။
ဖြေ ။ ကျွန်တော် တစ်ချက်မှတောင် အရိုက်မခံရဘူး။ စစ်လည်း အစစ်မခံရဘူး။ နောက်ဆုံး ခံဝန်ထိုးပြီး ပြန်လွတ်လာတာပဲ။ အိမ်သား(မိသားစု)တွေ ပြန်ပြောပြမှ ငွေပေးခဲ့ရတာပြန်သိရတာ ။
DW ။ ငွေပေးခဲ့ရတဲ့ အကြောင်းလေး ပြန်ပြောပေးပါ။ ဘယ်သူက ဘယ်လို ဆက်သွယ်လာခဲ့လဲ ။
ဖြေ ။ ကျွန်တော် အဖမ်းခံရတော့ ဖုန်းသိမ်းလိုက်တယ်။ အထဲ (ရေတပ်) ရောက်ပြီးမှ ဖုန်း password လာတောင်း သွားတယ်။ ဖုန်းထဲက contact (ဖုန်းနံပါတ်နဲ့ အမည်စာရင်း) မှတ်ထားတဲ့ နံပါတ်ထဲက မိသားစု ဖုန်းကနေတစ်ဆင့် ဆက်သွယ်ပြီး တောင်းခဲ့တာပါ။ တောင်းတဲ့သူက သူ့ကိုယ်သူ ရေတပ်ရဲ့ ဌာနချုပ်မှူးလို့ပြောတယ်။ သူက မိသားစုဖုန်းကို ဆက်ပြီးမှ ငွေတောင်းတယ်။ အားလုံး ကျပ်သိန်း — ဆယ် တောင်းတယ်။ (ဖြေဆိုသူ၏ လုံခြုံရေးအရ ပေးခဲ့ရသည့် ငွေပမာဏ အတိအကျမဖော်ပြခြင်းဖြစ်သည်) အဲဒီလိုတောင်းပြီးတဲ့ငွေဝင်ပြီး နောက်တစ်နေ့မှ ကျွန်တော်ခံဝန်နဲ့ ပြန်လွတ်လာတာပါ။
DW ။ ခံဝန်ထိုးတဲ့နေရာမှာရော ငွေပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောတာမျိုးရှိလား။ ဘာတွေမှာလိုက်သေးလဲ ။
ဖြေ ။ ခံဝန်ထိုးတဲ့နေရာမှာက ဌာနချုပ်က အရာရှိတစ်ယောက်ဆီမှာ လက်မှတ်ထိုးရတယ်။ သူတို့ စစ်ဆေးလိုက်တာ ကျွန်တော်က PDF လည်းမဟုတ်ဘူးပေါ့။ ဖုန်းထဲမှာလည်း ဘာမှမတွေ့လို့ ပြန်လွှတ်ပေးလိုက်မယ် ပြောတယ်။ ပြီးတော့ အခုပြန်လွှတ်ပြီးရင်လည်း အေးအေးဆေးဆေးနေပေါ့။ အဲဒီလိုမနေလို့ တိုင်တဲ့သူရှိရင် သူတို့က ပြန်ဖမ်းရမှာပဲ ဆိုပြီး ပြောတယ်။ တကယ်ဆို သူတို့ဘာမှ စစ်ခဲ့တာမရှိဘူး။ ကျွန်တော်လည်း အံ့အံ့သြသြနဲ့ ခံဝန်ထိုးလိုက်ရတာပဲ။ ဘာမှမသိဘဲ အဖမ်းခံရ ဘာမှမသိဘဲ ခံဝန်ထိုးပြီး ဘယ်လိုပြန်လွတ်လာမှန်းကို မသိခဲ့ဘူး။ တကယ်က မိသားစုက အပြင်ကနေ ငွေပေးထားရတာကို ကျွန်တော် ခံဝန်မထိုးခင်အထိ လုံးဝမသိခဲ့ဘူး။ အဲဒီလိုနဲ့ ပြန်လွတ်လာပါတယ်။
DW ။ ရေတပ်က မဆက်သွယ်လာခင် အိမ်ကရောတွေ့ခွင့်ရဖို့ လွတ်မြောက်ဖို့ ဘယ်လိုတွေချိတ်ဆက်ကြိုးစားခဲ့လဲ။
ဖြေ ။ မိသားစုတွေ ပြန်ပြောပြတာသိရတာက ရေတပ်က ဗိုလ်မှူးတစ်ယောက်နဲ့ အိမ်ထောင်ကျထားတဲ့ ကံပေါက်နယ်ခံ ဗိုလ်ကတော်တစ်ယောက်ဆီ မေးမြန်းစုံစမ်းခဲ့တာမျိုးရှိတယ်။ ဘာလို့လဲဆိုတော့ ကံပေါက်ဒေသခံတွေ အဖမ်းခံရတိုင်း သူက ရေတပ်နဲ့ကြားခံ ပွဲစားလိုဖြစ်နေတော့ သူ့ဆီ အရင်သွားတာ။ ကျွန်တော့်မှာက သူနဲ့ဆက်သွယ်နေတုန်း ရေတပ်ထဲ ကနေ တိုက်ရိုက်ဆက်သွယ်လာတာကြောင့် ဗိုလ်ကတော်လမ်းကြောင်းကနေ တစ်ဆင့်ခံ ချဥ်းကပ်တာမျိုးတော့ မလုပ်ခဲ့ ရဘူး။ ဒါပေမဲ့ အဝတ်အစားတွေနဲ့ပို့စရာရှိတာတွေကိုကတော့ သူ့ကတစ်ဆင့်ပို့ပေးရတာပဲ။ မိသားစုကလည်း ကျွန်တော့်သတင်းကို သူ့ဆီကတစ်ဆင့်ပြန်မေးရတာပေါ့။ မိသားစုနဲ့တော့ လူချင်းလုံးဝမတွေ့ခဲ့ရဘူး။
DW ။ ရေတပ်က ပြန်လွတ်လာသူတွေကပြောတာရှိတယ်။ အထဲမှာ လွတ်လွတ်လပ်လပ်ပဲ ဘာမှမဖြစ်ဘူး အေးဆေးပဲလို့ ပြောကြတယ်။ အစ်ကိုရောက်သွားချိန်မှာရော တကယ် အဲဒီလိုပဲလား ။
ဖြေ ။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူးပေါ့။ နေရတာက နှစ်ယောက်တစ်ခန်း နေရတယ်။ တံခါးပေါက်တစ်ပေါက်နဲ့ ပြတင်းပေါက် တစ်ပေါက်ပါတယ်။ အပေါက်တွေမှာ သံလုံး(သံချောင်း)တွေစီပြီး ဘိလပ်မြေထဲမြှုပ်ထားတယ်။ အချုပ်ခန်းလိုပဲ။ အိမ်သာခွက်က တစ်ခွက်ပါတယ်။ ရေချိုးတာက အဲဒီအခန်းအနားမှာပဲ အပြင်ထွက်ချိုးရတယ်။ အစောင့် စစ်သားတွေလည်းရှိတယ်။ ကျွန်တော်နေရတဲ့ အခန်းဘေးက အခန်းတွေမှာလည်း အားလုံးလူရှိကြတယ်။ ငါးယောက်လောက် ရှိမယ်ထင်တယ်။ စားသောက်တာက အသားတော့ပါပါတယ်။ စစ်သားတွေစားသလိုစားရတာပေါ့။ အိပ်တာကလည်း အခန်းထဲမှာ နှစ်ယောက်အိပ်စာ ကွပ်ပျစ်လေးတစ်ချပ်ပါတယ်။ ရေသောက်တာကတော့ အစောင့်စစ်သားမှာ တောင်းသောက်ရတယ်။ စစ်ကြောရေးဝင်တာက ကိုယ်တိုင်မဝင်ရဘဲ လွတ်လာတော့မသိဘူး ။ ကျွန်တော်နဲ့အတူ ရှိနေခဲ့တဲ့ ငါးယောက်လည်း ရိုက်ခံရထားတဲ့ ပုံစံမတွေ့ရဘူး။ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ခဲ့ပေမဲ့ စိတ်ထိခိုက်တာမျိုးတော့ခံစားရတယ် ။
DW ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအနေနဲ့ ဘယ်လိုခံစားခဲ့ရလဲ ။
ဖြေ ။ ကိုယ်လည်း ဘာမှမလုပ်ထားဘဲ ရုတ်တရက်ကြီး အဖမ်းခံရတော့ အတွေးဂယောင်ခြောက်ခြားနဲ့ ကြောက်နေတာတော့ ဖြစ်ခဲ့တယ်။ လွတ်တဲ့ရက်အထိ အထဲမှာနေခဲ့ရတဲ့အခြေအနေတွေ မျက်စိမှိတ်လိုက်ရင် ပြန်သတိရရနေတယ်။ မေ့ပစ်မရဘူး။
DW ။ အခုလိုငွေပေးပြီး လွတ်လာခဲ့တာကိုသိတော့ ဘယ်လိုခံစားလိုက်ရလဲ။ ဘာဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ ။ အခုလို ကိုယ်လည်း ဘာမှမလုပ်ရဘဲ အဖမ်းခံရပြီး မိသားစုက ငွေကြေးနဲ့လာဘ်ထိုးခဲ့ရတာကို ပြန်သိရတော့ လုံးဝမကျေနပ်သေးဘူး။ မကျေနပ်လည်း ဘာမှတော့ ပြန်လုပ်နိုင်တဲ့အခြေအနေလည်း မရှိပါဘူး။ ငြိမ်နေလိုက်ရတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“မှောင်ရိပ်ခိုလို့ဆိုပြီး အဖမ်းခံလိုက်ရပြီး စစ်မှုထမ်းထဲပို့မယ်လုပ်တော့ သိန်းရာနဲ့ချီ ပေးလိုက်ရတယ်”
မြိတ်မြို့နေ အမျိုးသားတစ်ဦး
DW ။ အခုနောက်ပိုင်း ဘယ်လိုအကြောင်းပြချက်နဲ့ စစ်ကောင်စီက ငွေညှစ်တာတွေမျိုးလုပ်လာတာတွေရှိလဲ။
ဖြေ ။ အခုကတော့ ဆိုင်ကယ်မှာလည်း ပျူ (ပျူစောထီး) တွေက ဖမ်းတယ်။ ဖမ်းပြီးတော့ ပိုက်ဆံညှစ်တယ်။ ပိုက်ဆံညှစ်တာကလည်း ဆိုင်ကယ်အမျိုးအစားအပေါ်မူတည်ပြီး တန်ဖိုးကွာသွားတာပေါ့။ ဆိုင်ကယ်ခမောက်(ဦးထုပ်) ကို ညဘက်တွေမှာလည်း ဖမ်းသလို ညဘက်တွေမှာ မှောင်ရိပ်ခိုတယ်ဆိုပြီး ဖမ်းတယ်။ ညဘက်တွေမှာဆိုရင် ဧည့်စာရင်းက ဆင်ခြင်ဖုံးရပ်ကွက်တွေမှာ ရက်တိုင်းစစ်တယ်။ ပြီးတော့ငွေနဲ့ထုတ်လို့နိုင်သူဆိုရင် ပြန်လွှတ်ပေးတယ်ပေါ့။ မဟုတ်ရင် စစ်မှုထမ်းထည့်တယ်လို့ ပြောကြတယ်။ အခုနောက်ပိုင်း အဖမ်းဆီးတွေကြမ်းလာတာပေါ့။
DW ။ အခုလိုအဖမ်းအဆီးတွေ များလာတဲ့အတွက် မြိတ်မှာဘယ်လိုတွေ ဖြစ်လာတာလဲ။
ဖြေ ။ မှောင်ရိပ်ခိုလို့ အဖမ်းခံရရင် နယ်မြေရုံးမှာ ပိုက်ဆံဘယ်လောက်နဲ့ လာထုတ်ဆိုပြီးပေါ့။ အဲဒီ လိုအဖမ်းခံရတာ ဒါမှမဟုတ် ဧည့်စာရင်းနဲ့ အဖမ်းခံရတာတွေဆိုရင် ပိုက်ဆံပမာဏက အမျိုးမျိုးပေါ့။ သိန်းဆယ်နဲ့ချီလည်းဖြစ်နိုင်တယ်။ ရာနဲ့ချီ လည်းဖြစ်နိုင်တယ်။ ဆိုင်ကယ်တွေမှာဆိုရင်လည်း နံပါတ်ပြား တပ်ခိုင်းလာတယ်။ အရင်တုန်းက လမ်းကြားတွေ မဖမ်းတတ်ဘူး။ အခုက လမ်းကြားပါမကျန် ဖမ်းလာတယ်။ ဖမ်းတဲ့နေရာလည်း စိပ်လာတယ်။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းတယ်။ ညဘက် အပြင်ထွက်သမားတွေ သိပ်မရှိကြတော့ဘူး။ ဖြစ်လာတာကတော့ ထွက်ချင်တိုင်း မထွက်ကြတော့ သွားချင်တိုင်း မသွားကြတော့ဘူး။ ကျွန်တော့်အသိတစ်ယောာက်ဆိုရင် မှောင်ရိပ်ခိုလို့ဆိုပြီး အဖမ်းခံလိုက်ရပြီး စစ်မှုထမ်းထဲပို့မယ်လုပ်တော့ သိန်းရာနဲ့ချီ ပေးလိုက်ရတယ်လို့ပြောတယ်။ သူတို့က ကြောက်တော့ အရမ်းကြီး မပြောပြရဲဘူးလေ။
DW ။ အခုလိုဖမ်းဆီတဲ့အခါ ဘယ်သူတွေပါလဲ။
ဖြေ ။ ဆိုင်ကယ်ဖမ်းတဲ့အခါ အများဆုံးကတော့ ပျူတွေပါတယ်။ မီးသတ်တွေပါမယ်။ မော်တော်ပီကယ် တစ်ယောက်နှစ်ယောက် ပါမယ်ပေါ့။ ဧည့်စာရင်းဆိုရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးတွေထဲကပါမယ်။ အဓိက ကတော့ ဘာပဲဖမ်းဖမ်း ပျူတွေအဓိက ပါတာပေါ့။
DW ။ ကြုံတွေ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုလောက်ပြောပြပေးလို့ရလား။
ဖြေ ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို ဆိုင်ကယ်ဖမ်းတဲ့အခါ လိုင်စင်မရှိတဲ့ဆိုင်ကယ်ဆိုပြီး ဆိုင်ကယ်ကို အလွတ်ကြီး သိမ်းပစ်လိုက်တယ်။ မနက်ဖြန်ရုံးမှာလာထုတ်ဆိုပြီးပြောလိုက်တယ်။ ဘယ်ရုံးမှန်းလည်းမပြောဘူး။ ဆိုင်ကယ်ကလည်း လိုင်စင်မရှိတော့ ဘယ်နားမှာလဲဆိုပြီးလိုက်ရှာတာ မတွေ့တော့ဘူး။ ဘယ်သူဆီ၊ ဘယ်ရုံးမှာ ရှာရမှန်းမသိတော့ ဆိုင်ကယ် တစ်စီး ဆုံးသွားတာပေါ့။ တချို့ကလည်း မပြောရဲတော့ သွားတောင်မရှာတော့ဘဲ အဆုံးခံလိုက်ရတာမျိုးတွေ ရှိတယ်။
DW ။ အဲဒီလိုတွေ အဖမ်းအဆီးတွေကြောင့် မြို့ခံတွေမှာ ဘာတွေဖြစ်နေတာလဲ။
ဖြေ ။ အကြောင်းပြချက်ပေါင်းစုံနဲ့ ငွေညှစ်တာမျိုးတွေရှိတော့ မြို့ခံတွေမှာက စိုးရိမ်ကြောင့်ကြမှုတွေ များလာတာပေါ့။ ဧည့်စာရင်းကိုလည်း ကြောက်ရ။ လမ်းသွားရင်လည်း ကြောက်ရ။ အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းလာသေးတယ်။ အဆင်မပြေမှုတွေက ပိုပိုပြီးများတော့ စိတ်မလုံခြုံမှုကိုပါ ခံစားလာနေရတယ်။
DW ။ ဖြည့်စွက်ပြောချင်တာမျိုးရှိလား။
ဖြေ ။ အခုက ဥပဒေမရှိဘူးဆိုတော့ လုပ်ချင်သလိုလုပ် ဖမ်းချင်သလိုဖမ်း ပုံစံမျိုးဖြစ်နေကြတယ်ပေါ့။ တစ်နေ့တစ်နေ့ အဖမ်းခံရတဲ့သူတွေဆီကရတဲ့ ငွေအရေအတွက်က အများကြီးပဲ။ အသွားအလာလည်း တော်တော်နဲ့ မထွက်ရဲကြတော့ဘူးပေါ့။ သူတို့အထက်က လူတွေလည်း သူတို့လူတွေကိုတောင် မထိန်းသိမ်းနိုင်ဘူး။ ပရမ်းပတာဖြစ်နေကြတာပေါ့။ အပေါ်ကလူကလည်း အောက်ကလူတွေကိုမနိုင်၊ အပေါ်ကလူတွေကို သွားပြောရင် သူတို့က မလုပ်ခိုင်းဘူးဘာညာပေါ့။ အောက်မှာက ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့။ အဲဒီလိုပုံစံမျိုးဖြစ်နေတာပေါ့နား(နော်)။
DW ။ ကျေးဇူးတင်ပါတယ်။