ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်တွင် အခြေစိုက်လုပ်ကိုင်နေသော ကျားဖြန့်လုပ်ငန်းများထံ ထိုင်းဘက်က လျှပ်စစ်မီးပေးနေမှု ဖြတ်တောက်လိုက်ပြီးနောက် လာအိုနိုင်ငံမှ လျှပ်စစ်မီးရယူရန် ယင်းလုပ်ငန်းများက စီစဉ်လုပ်ဆောင်နေကြောင်း လာအိုသတင်းဌာနဖြစ်သည့် The Laotian Times သတင်းဌာနက ဖော်ပြသည်။
သို့သော်လည်း မည့်သည့်ပုံစံဖြင့် တင်သွင်းမည်ကိုမူ အသေးစိတ်ရေးသားထားခြင်းမရှိသေးပေ။
အွန်းလိုင်းရာဇဝတ်မှုများ ပြုလုပ်နေသည့် ကျားဖြန့်လုပ်ငန်းများအား လျှပ်စစ်မီးပေးနေမှုကို ထိုင်းဘက်က ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီမှစ၍ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
မြန်မာဘက်ခြမ်းမှ နေရာ ၅ နေရာကို သွယ်တန်းထားသော ဓါတ်အားလှိုင်းများကို ယနေ့နံနက်ပိုင်းက စ၍ ထိုင်းလျှပ်စစ်ဦးစီးဌာနက ဖြတ်တောက်ခဲ့ဟုဆိုသည်။
အထူးသဖြင့် ဘုရားသုံးဆူနယ်စပ်၊ မြဝတီ-မဲဆောက်နယ်စပ်နှင့် တာချီလိတ်-မယ်ဆိုင်နယ်စပ်များသို့ လျှပ်စစ်မီးပေးနေမှုများကို ဖြတ်တောက်ထားပြီဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
လျှပ်စစ်မီးဖြတ်တောက်ခံရမှုကြောင့် ဘုရားသုံးဆူရှိ မြပန်းစက်မှုလုပ်ငန်း၊ တာချီလိတ်မြို့က Allure Group (P&E) ကုမ္ပဏီနှင့် မြဝတီမြို့ဘက်က ညီနောင်ဦးနှင့် ရွှေမြင့်သောင်ရင်းကုမ္ပဏီများလည်း အဓိက ထိခိုက်သွားမည်ဖြစ်ကြောင်း ထိုင်းဘက်က ပေးသော လျှပ်စစ်မီးကို မှီခိုနေရသည့် နယ်စပ်နေပြည်သူများလည်း ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းများသည် ထိုင်းနိုင်ငံက ပေးသော လျှပ်စစ်မီးနှင့် လောင်စာဆီများကြောင့် ကောင်းကောင်းလည်ပတ်နေသည်ကို သက်သေပြနိုင်ပြီးနောက် ချက်ချင်းဖြတ်တောက်ရမည်ဟု ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ညွှန်ကြားခဲ့သည်။
ကျားဖြန့်လုပ်ငန်းများကြောင့် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ နှစ်နှစ်အတွင်း ထိုင်းနိုင်ငံသား ၅ သိန်းကျော် လူကုန်ကူးခံရပြီး ဘတ် ၆၀ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
Ref: The Laotian Time, Khoasod English, Thai Enquirer