ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့တွင် ဇန်နဝါရီလလယ်ခန့်ကစ၍ မူကြိုအရွယ်ကလေးငယ်များ ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါ အဖြစ်များနေကြောင်း ဆေးရုံ၊ ဆေးခန်းများနှင့် မြို့ခံများထံမှ သိရသည်။
ကျောင်းများတွင် ကူးစက်ခံရမှုပိုများပြီး ကူးစက်ခံရပြီးလျှင် တစ်ပတ်ခန့် ပါးချိတ်ရောင်လက္ခဏာဖြင့် ဖျားကြောင်း ပါးချိတ်ရောင် ရောဂါဖြစ်ခဲ့သည့် ထားဝယ်မြို့ခံကလေးတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။
ပါးချိတ်ရောင်လက္ခဏာဖြင့် နေမကောင်းဖြစ်လျှင် ကျောင်းမလာကြရန် မူကြိုကျောင်းအချို့တွင်လည်း စာဖြင့် သတိပေးထားကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
“ကျောင်းမှာဆို ကလေး ၂၀ လောက် ခွေးပါးရောင်နေကြလို့ ခွင့်ယူထားကြတယ်။ မြို့ထဲမှာလည်း ကလေးတွေမှာ ဖြစ်နေကြတယ်” ဟု ထားဝယ်မြို့ခံ မူကြိုဆရာမတစ်ဦးက ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ဆေးရုံ၊ ဆေးခန်းများတွင် ပါးချိတ်ရောင်ရောဂါလက္ခဏာဖြင့် ဆေးခန်းလာပြသည့် ကလေးလူနာ များနေပြီး ကလေးမှတစ်ဆင့်ပြန်ကူးစက်ခံရသည့် လူကြီးများလည်း ပါးချိတ်ရောင်လက္ခဏာဖြင့် ဆေးခန်းလာပြကြကြောင်း ထားဝယ်မြို့ခံဆရာဝန်တစ်ဦးက ဆိုသည်။
ကူးစက်ရာတွင် ကလေးငယ်များတွင် အဖြစ်များပြီး လူကြီးများတွင်လည်း ရံဖန်ရံခါ ဖြစ်လေ့ရှိကာ ကာကွယ်ဆေး မထိုးထားသူများတွင် ပို၍ ကူးစက်ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များက ပြောဆိုသည်။
ပါးချိတ်ရောင်ရောဂါသည် ဗိုင်းရပ်ကြောင့်ဖြစ်သည့် ရောဂါဖြစ်ပြီး စကားပြောရာ၊ နှာချေရာမှ တစ်ဆင့် ကူးစက်နိုင်သလို ဗိုင်းရပ်ပိုးရှိသူ၏ တံတွေးများ ထိထားသည့် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိရာမှလည်း ကူးစက်နိုင်သည့် ကူးစက်မြန်ရောဂါတစ်မျိုး ဖြစ်သည်။
ထို့ကြောင့် ကျောင်း၊ ကစားကွင်းကဲ့သို့ လူစုလူဝေးများသည့် နေရာများသို့ ကူးစက်မှုများနေသည့်ကာလအတွင်း ကလေးငယ်များကို သွားခိုင်းခြင်းကိုရှောင်ကြဥ်သင့်ပြီး မဖြစ်မနေသွားလာရလျှင် နှာခေါင်းစည်းတပ်၊ လက်ဆေးခြင်းတို့ လုပ်ဆောင်သင့်ကြောင်း မြို့ခံဆရာဝန်က အကြံပေးတိုက်တွန်းသည်။
ပါးချိတ်ရောင်ရောဂါ ယခုကဲ့သို့ တစ်ဦးနှင့် တစ်ဦးကူးစက်မြန်ပြီး အဖြစ်များရခြင်းမှာ ကလေး ကာကွယ်ဆေးထိုးရာတွင် ပါးချိတ်ရောင် ကာကွယ်ဆေး မပါဝင်ခဲ့၍ဖြစ်ကြောင်း ၎င်းက ဆိုသည် ။
ကလေး ကာကွယ်ဆေးနှင့် ဆေးထိုးလုပ်ငန်းစဥ်ကို သိရှိသည့် ကျန်းမာရေးအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ ကလေး ကာကွယ်ဆေးစီမံချက်တွင် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်သုံးမျိုးစပ်ကာကွယ်ဆေးကို ယခင်ကတည်းက ထိုးနှံပေးခဲ့ခြင်း မရှိဘဲ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးကိုသာ ထိုးနှံပေးကြောင်း ပြောဆိုကြသည်။
သို့သော် ပါးချိတ်ရောင် ကာကွယ်ဆေးကို ပြင်ပစျေးကွက်တွင် ကျပ်တစ်သိန်းကျော်ဖြင့် ဝယ်ယူ၍ ထိုးနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
ပါးချိတ်ရောင်ရောဂါသည် ကိုယ်ခံအားစနစ်ဖြင့် ပြန်ကောင်းသွားနိုင်သည့် ရောဂါဖြစ်သော်လည်း ကူးစက်ခံရပြီးသူအချို့တွင် နောက်ဆက်တွဲအနေဖြင့် ဦးနှောက်အမြှေးပါးရောင်ခြင်း၊ နားမကြားခြင်းနှင့် မျိုးပွားအင်္ဂါထိခိုက်ခြင်းတို့ ဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။
ဓာတ်ပုံ – NHS