BREAKING
February 5, 2025

ထိုင်းတွင် အခြေခံလုပ်အားခ တိုးမြှင့်သတ်မှတ်သည့်အတိုင်း ဒေသအချို့တွင် စတင်ရရှိ

February 5, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံအတွင်း ခရိုင်အလိုက် အခြေခံလုပ်အားခများကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပြီး ဒေသအချို့တွင် ယင်းနှုန်းထားအတိုင်း စတင်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေးလှုပ်ရှားနေသူများထံမှ သိရသည်။

မြန်မာအများဆုံးလုပ်ကိုင်နေသော စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ၊ အုန်းနွဲ့၊ အုန်းယိုင်နှင့် ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ၊ စမွတ်ပရကန်ခရိုင်ရှိ စက်ရုံကြီးများတွင် အခြေခံလုပ်အားခ တိုးမြှင့်သတ်မှတ်ထားသော တစ်နေ့ ဘတ် ၃၇၂ ဘတ်ကို ခံစားနေရပြီဖြစ်ကြောင်း သိရသည်။

ယခင်က တစ်နေ့ ဘတ် ၃၆၃ ဘတ်ရရှိနေပြီး ၉ ဘတ်တိုးလာခြင်းဖြစ်သည်။

စမွတ်စခွန်ခရိုင်ထဲရှိ စက်ရုံကြီးများက တစ်နေ့လုပ်အားခနှင့် အချိန်ပိုကြေးများကို တိုးမြှင့်သတ်မှတ်ထားသော အခြေခံလုပ်အားခအတိုင်း အလုပ်သမားများကို ပေးနေပြီဖြစ်ကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ပြောသည်။

“ထိုင်းနိုင်ငံက ကြေညာချက်အတိုင်း လုပ်ငန်းကြီးတွေအကုန်လုံးက အပြည့်အဝတိုးသွားကြပြီ။ လုပ်ငန်းအသေးစားလေးတွေမှာတော့ ဆက်သွယ်လို့ မရသေးဘူး” ဟု ယင်းအဖွဲ့က ကိုဇော်က ဆိုသည်။

ခရိုင်အတွင်းရှိ စက်ရုံကြီးများက သတ်မှတ်နှုန်းအတိုင်း ပေးဆောင်နေသော်လည်း စက်ရုံအသေးစားများကို ဆက်သွယ်မရသေးသဖြင့် အခြေအနေ မသိရသေးကြောင်း ၎င်းက ဆိုသည်။

စက်ရုံအသေးများတွင် ပုံမှန်နှစ်ကြီးအလုပ်သမားများက တိုးမြှင့်ထားသော သတ်မှတ်နှုန်းအတိုင်း ခံစားခွင့်ရှိနေသော်လည်း အလုပ်သမားအသစ်များအနေဖြင့် မရရှိသေးကြောင်း မဟာချိုင်ရှိ မြန်မာအလုပ်သမားများထံမှ သိရသည်။

“ကျွန်တော်တို့ စက်ရုံထဲမှာတော့ တိုးတဲ့သူတွေများတယ်။ မတိုးသေးတဲ့သူတွေ မတိုးသေးဘူးပေါ့နော်။ လူသစ်တွေ ကျန်နေတယ်” ဟု မဟာချိုင်က မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် နယ်စပ်ဒေသအပါအဝင် အခြားခရိုင်များတွင် တိုးမြှင့်သတ်မှတ်ပေးထားသော တစ်ရက်လုပ်အားခအတိုင်း ခံစားခွင့် ရမရကိုမူ ဆက်သွယ်နိုင်ခြင်းမရှိသေးသဖြင့် မသိရသေးပေ။

တိုးမြှင့်သတ်မှတ်ချက်အတိုင်း မရရှိသည့် ဒေသများရှိပါက မှတ်ချက်ရေးပေးပါရန် စာဖတ်ပရိသတ်များကို ဖိတ်ခေါ်အပ်ပါသည်။