BREAKING
February 23, 2025

အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ဝန်ထမ်းများ ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန်ကမ်းလှမ်း

February 5, 2025

အမေရိကန် ထောက်လှမ်းရေးဗဟိုဌာန(CIA)က ၎င်း၏ဝန်ထမ်းအားလုံးကို ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန် အင်္ဂါနေ့က ကမ်းလှမ်းခဲ့ကြောင်း Wall Street Journal က ဖော်ပြထားသည်။

ဝန်ထမ်းအသစ် ခန့်အပ်မှုကိုပါ ရပ်နားလိုက်ကြောင်း CIA ညွှန်ကြားရေးမှူးဂျွန်ရက်ကလစ်ဖ်၏ အမည်မဖော်လိုသည့် လက်ထောက်တစ်ဦးကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။

သမ္မတဒေါ်နယ်ထရမ့်၏ ဦးစားပေးမူဝါဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် CIA က ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ ရန်သူအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသည့် အနောက်အုပ်စုဝင်နိုင်ငံများကိုပါ CIA က ပိုပစ်မှတ်ထားလာတော့မည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် CIA ၏ ရည်မှန်းချက်အသစ်များတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ဖျက်ရေး ၊ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ်ကို အနိုင်ယူရေးတို့တွင် သမ္မတအား အထောက်အကူပြုရေးတို့ ပါဝင်သည်။

ဝန်ထမ်းများကို အလုပ်ထုတ်ပြီး ဝန်ထမ်းသစ်ခန့်အပ်မှုကိုပါ ရပ်ဆိုင်းလိုက်ခြင်းမှာ အဖွဲ့အစည်းအတွင်း အားသစ်လောင်းရန် ရည်ရွယ်ကြောင်း CIA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

CIA က ၎င်းရရှိနေသည့် ဘတ်ဂျက်နှင့် ဝန်ထမ်းအရေအတွက်ကို ထုတ်ပြန်ခြင်း မရှိပေ။

အစိုးရအရွယ်အစားကို ချုံ့ပစ်နိုင်ရေးအတွက် သမ္မတထရမ့်က ဖက်ဒရယ်အစိုးရဝန်ထမ်းရာပေါင်းများစွာကို အလုပ်ထုတ်ကာ ၎င်းကို ထောက်ခံသူများကိုသာ အလုပ်ခန့်ခဲ့သည်။

နောက်ဆက်တွဲအနေဖြင့် အင်္ဂါနေ့တွင် ဖက်ဒရယ်အစိုးရဝန်ထမ်းများကို ကိုယ်စားပြုသည့် သမဂ္ဂအသင်းအဖွဲ့များက ထရမ့်အစိုးရ၏ အစီအစဉ်ကို ဟန့်တားရန် တရားစွဲဆိုခဲ့ကြသည်။

Source : Wall Street Journal, Reuters