BREAKING
February 5, 2025

ပန်းရောင်ဘတ်အသစ်လုပ်သူများကို နိုင်ငံကူးလက်မှတ်ထဲ ဗီဇာထည့်ခွင့်ပြု

February 5, 2025

ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ထားသော ရွှေ့ပြောင်းအလုပ်သမား များကို သက်တမ်းကျန်ရှိသော နိုင်ငံကူးလက်မှတ်ထဲသို့ အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းခွင့်ပြုပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။

ဗီဇာထည့်သွင်းလိုသူများသည် အမည်စာရင်း (Name List) စာရွက်၊ ဘိုင်အနုမတ် ဟုခေါ် သည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ် စာရွက်များ ရရှိထားပြီး ထိုင်း လဝကတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်၍ ကိုယ်ရေးအချက်အလက် သွင်းပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းလုပ်ငန်းစဉ် ပြီးဆုံးသူများအနေဖြင့် Non L-A ဟုခေါ်သည့် အခြေခံအလုပ်သမားဗီဇာကို သက်တမ်းကျန်ရှိနေသော နိုင်ငံကူးလက်မှတ် (PV၊ PJ) ထဲသို့ ဖြစ်စေ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထဲသို့ ဖြစ်စေ ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံကူးလက်မှတ် သို့မဟုတ် CI စာအုပ်ထဲ ဗီဇာထည့်သွင်းထားသူများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်သွားလာခွင့် ရရှိမည်ဖြစ်ကြောင်း Labour Rights Foundation အဖွဲ့ထံမှ သိရသည်။

“ထုတ်ပြန်ချက်အရတော့ စာအုပ်တွေထဲ ဗီဇာထည့်လို့ရနေပါပြီ။ ကျဟာငန် (အလုပ်သမားရုံး) က ဘိုင်အနုမတ် မထုတ်ပေးသေးရင်တော့ ဗီဇာထုလို့ မရသေးဘူးပေါ့” ဟု Labour Rights Foundation က ကိုဇော်က ပြောသည်။

လက်ရှိတွင် စမွတ်စခွန်ခရိုင်ရှိ အလုပ်သမားရုံးက ဘိုင်အနုမတ်စာရွက်ကို မထုတ်ပေးသေးသဖြင့် ခရိုင်ရှိ အလုပ်သမားများ ဗီဇာထည့်သွင်းအသုံးပြု၍ မရသေးကြောင်း ၎င်းက ပြောဆိုသည်။

လဝကရုံးတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်ပြီး ကိုယ်ရေးအချက်အလက်သွင်းပြီးသူများ၊ ဘိုင်အနုမတ်လည်း ရရှိထားသူများသာ မိမိတွင် ပါလာသော စာအုပ်များတွင် ဗီဇာထည့်သွင်းအသုံးပြုကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာအုပ်ထဲ ဗီဇာထည့်သွင်းအသုံးပြုမည့်သူများအနေဖြင့်လည်း ထိုင်းအလုပ်သမားရုံးတွင် ဗီဇာထည့်ထားပြီးကြောင်း အချက်အလက်ထပ်မံ ပေးသွင်းရမည်ဖြစ်ကြောင်း အလုပ်သမားအရေးလှုပ်ရှားနေသူများထံမှ သိရသည်။