ဆွီဒင်နိုင်ငံ ၊ အဲရာဘရူးမြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သံသယရှိလူသတ်တရားခံအပါအဝင် လူ ၁၁ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အခင်းဖြစ်ပွားရာ စာသင်ကျောင်းအပါအဝင် အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ၌ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကျောင်းသားများကို ရဲတပ်ဖွဲ့က ယာယီထိန်းသိမ်းထားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
ဆွီဒင်နိုင်ငံတွင် ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်သည့် ပစ်ခတ်တိုက်ခိုက်မှု ၊ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် နှစ်စဉ် လူဒါဇင်နှင့်ချီ၍ သေဆုံးလေ့ရှိသော်လည်း ယခုတိုက်ခိုက်မှုမှာ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
ယင်းကို ခေတ်သစ်ဆွီဒင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်သတ်မှုဟု CNA သတင်းဌာနက ဖော်ပြထားသည်။
ပစ်ခတ်ရသည့်အကြောင်းအရင်း အသေးစိတ်ကိုမူ မသိရှိရသေးပေ။
နော်ဒစ်အုပ်စုဝင်နိုင်ငံဖြစ်သည့် ဆွီဒင်သည် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနှင့် အကြွယ်ဝဆုံးနိုင်ငံများထဲမှ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။
Source: CNA