BREAKING
February 24, 2025

မြန်မာသတင်းသမားနှင့် လူ့အခွင့်အရေးကာကွယ်သူ နှစ်ထောင်ကျော်ကို အကူအညီပေးနိုင်ခဲ့ဟု Exile Hub ထုတ်ပြန်

February 5, 2025

ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် Exile Hub အဖွဲ့က မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ နေ့မှစပြီး ယနေ့အချိန်အထိ မြန်မာသတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်သူ ၂၁၀၀ ကျော်ကို အကူအညီပေးအပ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ သတင်းထောက်တွေကို ဆက်ပြီးပံ့ပိုးပေးခွင့် ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်မှုတွေက ဘေးကင်းမှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ အလှမ်းဝေးနေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ပိုကောင်းတဲ့ အနာဂတ်မြန်မာနိုင်ငံကို အတူတကွ ဆက်တည်ဆောက်သွားပါမယ်”ဟု Exile Hub ၏ မန်နေးဂျင်း ဒါရိုက်တာမဇီးက ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် Exile Hub သည် မြန်မာသတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်သူများကို အကူအညီပေးရေးအပေါ် အာရုံစိုက်လာခဲ့ကြောင်း၊ စတင်တည်ထောင်ချိန်မှစ၍ လူပေါင်း ၂၁၀၀ ကျော်ကို ပြည့်စုံသော လုံခြုံရေးသင်တန်းများ၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အစရှိသော အကူအညီများကို ပေးအပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင်အလုပ်ရုံဆွေးနွေးပွဲ ၈၀၀ ကျော်ကို ပြုလုပ်ခဲ့ပြီး ပါဝင်သူများအား ဘေးကင်းလုံခြုံရေး၊ မီဒီယာနှင့် လူ့အခွင့်အရေး နယ်ပယ်များတွင် ပရော်ဖက်ရှင်နယ် တိုးတက်ရေးများအတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်းများမြှင့်တင်နိုင်ရန်လည်း အကူအညီပေးခဲ့သည်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်မှ ကြေညာခဲ့သော အဓမ္မစစ်မှုထမ်းစေသော အမိန့်ထွက်လာပြီးနောက်တွင် လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းသမားများ အပါအဝင် အကူအညီလိုအပ်သူ အများအပြားကို ဘေးကင်းစေရန်အတွက် နိုင်ငံတွင်းမှ ထွက်ခွာနိုင်ရန် Exile Hub က အကူအညီပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်တွင်း၌ ပဋိပက္ခနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွဦးနေသလို ပြည်ပသို့တိမ်းရှောင်လာရသည့် သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများမှာလည်း ပိုမိုများပြားလာနေကာ အကူအညီလိုအပ်မှုလည်း မြင့်တက်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။