ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ဒေါဆီအီရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းတက်နေသည့် ကလေးငယ်လေးဦးသေဆုံးကာ ဆရာတစ်ဦးအပါအဝင် ကိုးဦးဒဏ်ရာရကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် စက်လက်များဖြင့်လည်း ပစ်ခတ်ကြောင်း ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အမိုးအကာများ ပြိုပျက်သွားသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။






အဆိုပါကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းလည်း မရှိဘဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကို ကိုးကားကာ ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။
အဆိုပါစာသင်ကျောင်းသည် အလယ်တန်းအဆင့် ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော် ပညာသင်ကြားနေသည့် ကျောင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ကန္တရဝတီတိုင်း(မ်) သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အလားတူ ယနေ့တွင်ပင် အထက်ကျောင်းတစ်ကျောင်းကိုလည်း တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း လည်း ယင်းသတင်းက ဆိုသည်။ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ နေရာသုံးခုကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့သေးကြောင်း ဖော်ပြသည်။