BREAKING
March 1, 2025

ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

February 5, 2024

ပုံစာ - ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရစဥ် ဓာတ်ပုံ - DDT

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ စစ်ကောင်စီ ခြေမြန်တပ်ရင်း ကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ ၄) က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Dawei Defense Team DDT တပ်ခွဲ ၃ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြေင်း ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ခမရ ၄၁၀ က အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးက ခုနစ်ဦးခန့်ဒဏ်ရာရသည်ဟု မြေပြင်သတင်းရင်းမြစ်များ၏ စုံစမ်းချက်အရသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ခမရ ၄၁၀ ဘက်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဥယျာဥ်ခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“၂ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ကြားရတယ်။ ညပိုင်းရောက်တော့ မြို့နဲ့တော်တော်နီးနီးမှာ လက်နက်ကြီးသံ ဆယ်ချက်ဆက်တိုက်ကြားရတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင်ပင် ကလိန်အောင်မြို့ပေါ် ရပ်ကွက်နှစ်ခု၌ လက်နက်ကျရောက်ပေါက်ကွဲခဲ့သေးကြောင်း မြို့ခံများက ဆိုသည်။

ရေး- ထားဝယ်ကားလမ်းမပေါ်ရှိ ခမရ ၄၁၀ တပ်ရင်း နှင့် ကပ်လျက်တည်ရှိသည် ခမရ ၄၀၉တပ်ရင်းလည်း ဇန်နဝါရီလ ၂ ရက်နေ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။