ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီး ယင်းစခန်းက နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀နီးပါး လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း AA က ထုတ်ပြန်သည်။
မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်းနှစ်ခုကို AA က ဇန်နဝါရီလ ၄ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။
တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အလောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည့်အပြင် AA ဘက်ကလည်း တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးကြောင်း AA က ဆိုသည်။
တောင်ပြို (လက်ဝဲ) စခန်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။





မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီတပ်စခန်းအချို့အား သိမ်းယူနိုင်ရန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း AA က ဆိုသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရခိုင်တိုက်ပွဲများတွင် ပြန်လည်အသုံးပြုနေကြောင်း AA ဘက်က ပြောဆိုထားသည်။