တနင်္သာရီမြို့နယ်တွင် ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းခွဲကျော် ဖမ်းမိကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း ဖေဖော်ဝါရီလ ၄ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
တနင်္သာရီ ပြည်သူ့အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဘိန်းစားမှုန့် သယ်ဆောင်လာသူများကို မည်သို့အရေးယူဆောင်ရွက်ခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသလို ဘိန်းစာမှုန့် အလေးချိန် မည်မျှရှိသည်ကိုလည်း ဖော်ပြထားခြင်း မရှိပေ။
အဆိုပါ ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းငါးထောင်တစ်ရာအား တနင်္သာရီမြစ်အတွင်း ရေမျောဖျက်ဆီး လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။
စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ချင်း၊ ကယား၊ ကရင်၊ မွန်တို့က မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းဖြစ်ပြီး တနင်္သာရီတိုင်းထဲက ပုလောနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်သည်။
ပုလောမြို့နယ်တွင်လည်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစုများသည် မူးယစ်ဆေးရောင်းဝယ်ဖောက်ကား နေသူများကို သတိပေးတားမြစ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင်နေသည်။