လွန်ခဲ့သော ဆယ်စုနှစ် ကျော်က အချိန်ကို ပြန်လွမ်းမိသည်။ ထိုအလွမ်း၏ အစအနမှာ ရွာဦးကျောင်းက လာပါသည်။
ယခုအခါ ရွာဦးကျောင်းသည် ယခင်ကနှင့်မတူ သာသနိက အဆောက်အဦတို့ ဖြင့် ပြည့်လျက် ခန့်ငြားစွာ တည်ရှိနေပါပြီ။ သို့ရာတွင် ကျောင်းတွင် သီတင်းသုံးသော ရဟန်း သာမဏေ နှင့် ကျောင်းသား တို့ မရှိသလောက် နည်းသွားခဲ့ပြီ။ နမောတဿ အစရှိသော ရွတ်သံဖတ်သံများ ကျောင်းသား ကိုရင်များ၏ တစာတစာ စာအော်ကျက်သံများ မကြားတော့သည်မှာ ကြာပြီပဲ။
ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုသည်မှာ ဤသို့သော အဖြစ်မျိုးကို ရည်ညွှန်းသလား မပြောတတ်ပါ။ အဆောက်အအုံတွေများသလောက် တိတ်ဆိတ် ခြောက်ကပ်နေသော ကျောင်းကြီး၊ ဘုရားဝတ်တက်သံကိုမှပင် ကြားရခဲ လာသော ကျောင်းကြီးဖြစ်နေသည်။ ရွာဦးကျောင်းသည် ယခင်ကလို ရပ်ရေး ရွာရေး သာရေး နာရေး၏ ဗဟိုချက်မ မဖြစ်တော့။ ရွာသူရွာသားများက အကြောင်းကိစ္စရှိပါမှ ဧည့်သွားဧည့်လာ သဘောထားသော နေရာတစ်ခုသဖွယ်ပင်ဖြစ်နေချေပြီ။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် အတိတ်မှာကား ဤသို့မဟုတ်။ ရွာဦးကျောင်းသည် ရွာကလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်။ နွေလကာလများသို့ရောက်လျှင် စာသင်ကျောင်းများ ပိတ်ကြရာ ကျွန်တော်သည် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်များသင်ယူခြင်း၊ ဆရာတော်နှင့်တကွ သံဃာတော်များ၏ ဝတ်ဖြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ နွေရာသီ ဘုန်းကြီး ကျောင်းသားအဖြစ်နှင့်ပေါ့။ ကျွန်တော့်လိုပင် နွေရာသီ ဘုန်းကြီးကျောင်းသားများ များစွာ ရှိပါသည်။ ရဟန်း ကိုရင်များလည်း မနည်းလှပါပေ။
ဆရာတော်သည် ရဟန်း ကိုရင်များနှင့် ကျွန်တော်တို့လို ကျောင်းသားများကို စာချရ၊ ရပ်ရေး ရွာရေး တိုင်ပင်သူများလာလျှင် ဩဝါဒ ခြွေရ၊ တပည့်တော်၊ တပည့်တော်မတို့၏ သားဆိုးကလေးကို ဆုံးမ ပေးပါဘုရားဆိုလျှင် ခေါ်ယူဆုံးမရ၊ သာရေး နာရေး ဆွမ်းစားကွမ်းစား ပရိတ်ရွတ် တရားဟော ကြွရသည်နှင့် ပင်မအားလှ။ ကာလသားများနှင့် ပျိုမဒီတို့၏ တွေ့ရာ ဆုံရာ ဖူးစာဆုံရာသည်လည်း ရွာဦးကျောင်း နှင့်မကင်း။ ဆရာတော့်ကျောင်းအတွက်ဆိုလျှင် တရွာလုံးက ဝိုင်းဝန်းကြ၍ ကြီးငယ် မဟူ ချမ်းသာ ဆင်းရဲ မရွေး စုကြ၊ လုပ်အားပေးကြ၊ လှူကြ၊ တန်းကြနှင့် တစ်နှစ်စာ ဆွမ်းဆန်၊ ထင်း၊ ရေ မပူရသော ကျောင်းကြီးပင်။ ဝိုင်းလှူ ဝိုင်းစားကြသော ဘုံ ဓလေ့ကလေးသည် ထိုစဉ်က အားကောင်းမောင်သန်ဖြစ်ခဲ့ပါသည်။
ကျွန်တော်တို့ ကျောင်းသားဘဝက ရွာဦးကျောင်းမှာ လူတစ်ဖက်စာ သစ်လုံးတိုင်ကြီးများနှင့် ဆောက်ထားသော သစ်သားကျောင်းဆောင်ကြီးတစ်ခုသာ ကျောင်းဆောင် အနေဖြင့် ရှိပါသည်။ ကျန်အဆောက်အအုံများမှာ သမုတ်သိမ်ကြီး၊ သစ်သားတန်ဆောင်း နှင့် ထိုင်တော်မူကြီး စံပယ်လျက်ရှိသော ပုထိုးတစ်ဆူကို ငုံ၍ ဆောက်ထားသော အဆောက်အအုံ တစ်ခုသာဖြစ်သည်။ ကျောင်း၏ တံတိုင်းသည်လည်း ရှေ့မျက်နှာစာပင်လျှင် အပြည့်မရှိခဲ့၊ ထုံးဖြူ နွမ်းနွမ်းလျလျနှင့် ရေညှိတို့ကြောင့်ဖုံးနေသော အလှူ့ရှင်နာမည် ကမ္ဗည်းများကိုပင် ဖတ်ရခက်ပါ၏။
သို့သော်လည်း ကျောင်းဝင်းထဲရှိ စုံလင်လှသော သီးပင်စားပင် သစ်ပင် ပန်းမာလ် တို့ကြောင့် ကျွန်တော်တို့ ပျော်ကြပါသည်။ အုန်း၊ သရက်၊ ဒူးရင်း၊ ကနစို၊ ပိန္နဲ၊ စုံပဒတ်၊ ကြက်မောက်၊ ငှက်ပျော၊ နာနတ် များ စား၍ မကုန်ပါ။ ရနံ့သင်းသော ဆိတ်ဖလူးပန်း နှင့် စံပယ်ရနံ့တို့ လေတိုးလျှင် ပျံ့ပျံ့သင်းသင်းနှင့် မွှေးလှပါသည်။ ညနေခင်း အားလပ်ချိန်များတွင် ဦးပဇင်းငယ်များ၊ ကိုရင်များနှင့် ကျောင်းသား ကာလသား အချို့ ဘောလုံးကန်ရန်ပင် ကျောင်းဝင်းထဲတွင် ချောမွတ်နေသော တလင်းပြင်လေးရှိပါသည်။ ကျွန်တော်တို့လို ကျောင်းသားငယ်များတော့ ကြက်မောက်သီး ကြေး လောင်းကြေးထပ်ကာ တစ်ဖက်နှင့်တစ်ဖက် ဘောလုံးပွဲလောင်းတတ်ကြပါသေးသည်။
ဘုန်းကြီးကျောင်းသားတို့၏ ဝတ္တရားအချို့ကိုလည်း မှတ်မိသလောက်ပြန်ပြောချင်သေးသည်။ မနက်ခင်း ၄ နာရီဆိုလျှင် ဆရာတော်က ထကြတော့ဟု မတိုးမကျယ်သော အသံဖြင့် မိန့်မြွက်သည်နှင့် အချိန်မဆိုင်းဘဲထကြရပါသည်။ ကျောင်းတွင်မနက် ၄ နာရီ ကုလားတက် ခေါက်လေ့မရှိပါ။ နွေကျောင်းပိတ်ချိန်ဆိုသော်လည်း ရွာ၏မနက်ခင်းမှာ ချမ်းလှပါသည်။ မြူများဝေ့နေသော ငွေရောင် မနက်ခင်းများတွင် ကျွန်တော်တို့ လည်း သပိတ်ပိုက်၊ ခြင်းဆွဲ၍ ဆွမ်းခံလိုက်ရပါသည်။ နေမင်းကြီးပြူထွက်လာသော် ငွေမနက်ခင်းမှာ ရွှေရောင်ဖြဖြ မနက်ခင်းသို့ ကူးသွားချိန်ဆိုလျှင် ကျွန်တော်တို့ ကျောင်းသို့ ပြန်ရောက်ပေပြီ။ ထို့နောက် အလုပ်များ ဇယ်ဆက်သလို လုပ်ရသည်။
ဘုရားဆွမ်းတော်ကပ်၊ ဆရာတော်နှင့် သံဃာတော်များအတွက် ဆွမ်းပွဲပြင်၊ သပိတ်ဆေး၊ ချိုင့်ဆေး၊ ပန်းကန်ခွက်ယောက်ဆေး၊ ဆွမ်းပွဲသိမ်းရပါသည်။ ဆရာတော်နှင့် ရဟန်းကိုရင်များ ဆွမ်းစားပြီးမှသာ ကျောင်းသားများ၏ နံနက်စာအလှည့်ရောက်ပါသည်။ ကျောင်းသား လူအုပ်ကများများ၊ ဆွမ်းက နည်းနည်း ဟင်းက ခပ်ကြဲကြဲ ခပ်ဆာဆာနှင့် အလုအယက် လွေးကြရသည်မှာ အရသာ ရှိလှပါသည်။ ရဟန်း ကိုရင်တို့မှာကား သေခိယျ သိက္ခာ ပုဒ်မပျက်အောင် အိန္ဒြေတရ ဆွမ်းဘုဉ်းရသည်ဖြစ်ရာ ကျွန်တော်တို့ ကျောင်းသားအုပ်ကြီး၏ လက်မြန် ခြေမြန် အစားသောင်းကျန်းပုံနှင့်တော့ ခြားနားလှပါဘိ။
ထို့နောက်တော့ ဆေးစရာရှိသည်များကို အလှည့်ကျ ဆေးကြော လက်စသပ်၊ အမှိုက်လှဲသူလှဲ၊ ရေဖြည့်သူဖြည့်၊ ခွေးအစာကျွေးသူကျွေး၊ ကြမ်းတိုက် တံမြက်လှည်း နှင့် အလုပ်စုံပါသည်။ ထိုအရာတွေ ပြီးစီးသွားပြီဆိုလျှင်တော့ ထမင်းလုံးစီရန် အချိန်ရမည်ဟု မထင်ပါနှင့်။ ဆရာတော်ကြီး၏ သင်ခန်းစာ ပို့ချချိန်ဖြစ်သည်။ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ ရှင်ကျင့်ဝတ်၊ ပရိတ်ကြီး၊ ဂုဏ်တော်၊ လောကနီတိ စုံနေအောင် သင်ပြပါသည်။ ကျက်မှတ်စေပါသည်။ စာမရလျှင်တော့ ဆရာတော်ကြီး၏ ထားဝယ်ကြိမ်ကို ကြောက်ရပါသည်။ တခါတရံတော့ စာမရ၍ ဒဏ်ထမ်းရတတ်ပါသည်။ မြက်နုတ်သည့်ဒဏ်၊ အမှိုက်လှဲသည့် ဒဏ်များသာလျှင်ဖြစ်၏။
စာပို့ချချိန်ပြီးလျှင် စာကျက်ချိန်ဖြစ်သည်။ ဆရာတော်ကြီးက ကြီးကြပ်နားထောင်သော စာကျက်ဝိုင်းဖြစ်သည်။ အမှားရွတ်နေလျှင် ပြင်မည်၊ ဆင်မည် ဆုံးမမည်ဖြစ်သည်။ ဆရာတော်ကြီး၏ လက်သုံးစကားမှာ အာဂုံရှိမှ အာဂလူ ဟူ၍ဖြစ်သည်။ စာကျက်ဝိုင်းပြီးသော် ခဏ နားကာ နေ့ဆွမ်းအတွက် ပြင်ရပြန်သည်။ တာဝန်ကျသူက ရွာထဲသို့ချိုင့်များဖြင့် သွား၍ ဆွမ်းဟင်း သွားယူရပါသည်။ ရွာထဲမှ လာပို့သော ဆွမ်းဟင်းများကို လက်ခံလဲလှည်သူကလည်း သူ့တာဝန်ကို မလစ်ဟင်းစေရပေ။ အလှည့်ကျ ဆွမ်းလာပို့သော သူများသည် ဆရာတော်ကြီးကို ဝတ်ဖြည့် စကားစမြည် ပြောကြဆိုကြဆွေးနွေးကြနှင့် တချို့သူများမှာ ဆွမ်းချိုင့်လာပို့ရင်း ဆရာတော်နှင့် စကားကောင်းသွားတတ်ကြရာ ကျောင်းသားများနှင့် အတူ ထမင်းစားပြီးမှ အိမ်ပြန်ရောက် တတ်ပါတော့သည်။ ဆရာတော်ကြီးက ‘တကာ ဒီမှာ ထမင်းစားသွား’ ဟုဆိုလျှင် မငြင်းရဲဘဲကိုး၊ ဟင်းကလည်းစုံသကိုး။
နေ့ဆွမ်းစားချိန်ပြီးလျှင် ကျောင်းသားတို့မှာ ညနေစာအတွက် ထမင်း ဟင်း အချို့ကို ချန်နိုင်ပါသည်။ ဆေးကြော သုတ်သင် ရှင်းလင်းရသည်မှာ မနက်ခင်းဆွမ်းစာပြီးချိန်ကလိုပင်။ ထို့နောက်တော့ နေ့ခင်း တစ်မှေး မှေးနိုင်ပါသည်။ ညနေခင်း နေရှိန်ဖျော့သွားလျှင်တော့ ကိုယ်လက် လှုပ်ရှား ကစားခြင်းများ လွတ်လပ်စွာလုပ်နိုင်၏။ ညနေ ၄ နာရီဆိုလျှင် လူ့တစ်ဖက်စာ ကြီး၍ ဆယ်ပေခန့် မြင့်သော အုန်းမောင်းကြီးကို ခေါက်ရပါသည်။ ကျောင်းသားများအတွက် ညနေ ၆ နာရီမထိုးမီအချိန်ထိ လွတ်လပ်သော အချိန်များပင်။ ၆ နာရီ အမီ ရေမိုးချိုးပြီးသား၊ ညနေစာစားပြီးသားဖြစ်ရမည်။ ၆ နာရီဆိုလျှင် ဘုရားဝတ်တက်ကြ၏။ ဝတ်တက်ပြီးချိန် ဆိုလျှင် ဆရာတော်က ဩဝါဒခြွေခြင်း၊ စာမေးမြန်းခြင်း ပြုလေ့ရှိသည်။ ထို့နောက်တော့ အကြောင်းထူး မရှိလျှင် မီးခွက်မှုတ်၍ အိပ်။ မနက်စောစော ထရမည်ကိုး။
ကျွန်တော်တို့ ကျောင်းသားများကတော့ ဆရာတော်၏ စာစစ်ချိန်ပြီးလျှင် ချက်ချင်းမအိပ်သေးဘဲ ဝိုင်း၍ သရဲ တစ္ဆေ ပုံပြင်များ ပြောတတ်ကြသည်။ တစ်ခါတရံ တိုက်ဆိုင်စွာပင် ပုံပြင် အရှိန်ရနေချိန်တွင် ကျောင်းက ခွေးများ ထ၍အူလျှင်၊ ကျောင်းက ကြောင်နက်ကလေး ကြပ်ခိုးစင်ပေါ်မှ ရုတ်တရက် ခုန်ချလိုက်လျှင် ကျွန်တော်တို့ ထိတ်တလန့်နှင့် ကြောက်လန့်တကြား အော်ဟစ် တတ်ပါသည်။ ပြီးမှ ဝါးလုံးကွဲ ဝိုင်းရယ်တတ်ကြသည်။ အရှက်ပြေပေါ့။ အသံဆူလျှင် ဆရာတော် ကျက်သရေခန်းမှ ထွက်လာကာ ဆူမည်ကို စိုး၍လည်း တိုးတိုးတိတ်တိတ် လှုပ်ရှားရသေးသည်။
တချို့သော ကျောင်းသားငယ်လေးများသည် သရဲပုံပြင်များကြောင့် ကြောက်ကာ ညဖက်တွင် အပေါ့သွားရန် မဝံ့ရဲကြသဖြင့် ကျောင်းသားကြီးများက အဖော်လိုက်ရသည်။ တချို့မှာ အဖော်လိုက်ပေးမည့်သူမရှိ၍ ညဖက်တွင် အောင့်ရင်းက ဒုက္ခများကုန်သည်လည်းရှိ၏။ စုပြီးအိပ်ကြသည်ဖြစ်၍ တယောက်က အိပ်ရာထဲတွင် အပေါ့သွားမိလိုက်လျှင် သူ၏ နံဘေးက သူများ ဒုက္ခများဖို့သာ ရှိပါသည်။
အလှူ အတန်းရက်များတွင်ကား ကျောင်းသားများ သက်သာလှပါသည်။ ရွာထဲက ကာလသားများနှင့် ကာလသမီးများသည် ယင်းတို့ အချင်းချင်း ကူညီ ဖေးမ မေတ္တာပြကြရင်း အလုအယက် အလုပ်လုပ်တတ်ကြ၏။ ကုသိုလ်လည်းရ ဖူးစာလှ အကျိုးများမည့် အလှူနေ့ရက်များ ဖြစ်နိုင်ပါသည်။ အလှူကြီးမှာ လူစည်လှ၊ လူအများနှင့် ပျော်ကြရွှင်ကြ နှင့် အလှူကြီး ပြီးသွား၍ ကျောင်းကြီးမှာ လူတွေ မရှိတော့လည်း တခါခါတော့ ဟာတာတာနှင့် ဘုန်းကြီးကျောင်းသားလေး ကျွန်တော်များတို့ ခံစားရပါသည်။ အလှူလာသော ဘယ်သူ ဘယ်ဝါလေးက ဘယ်သို့ လှကြောင်း ပကြောင်းကလေးများလည်း အချင်းချင်း ပြောကြဆိုကြနှင့် မျှော်တော်ယောင်ကလေး လုပ်ချင် လုပ်တတ်ပါသည်။ ခဏကြာတော့လည်း မေ့သွားတတ်ကြတာပါပဲ။
နွေကုန်၍ မိုးရောက်လျှင် စာသင်ကျောင်းသို့ သွားရမည်ဖြစ်ရကား အိမ်သို့ပြန်ရပါသည်။ နယ်မှ ကျောင်းသား အသစ်ကလေးများသည် ဘုန်းကြီးကျောင်းသားလုပ်ရင်း စာသင်ကျောင်းတက်ကြမည် ဖြစ်ရာ ကျောင်းမှာ လူစည်နေပြန်ပါသည်။ အတန်းကျောင်း မတက်ချင်တော့သော သူအချို့သည် ဆရာတော့်ထံရောက်ကာ သင်္ကန်းစည်း၍ အခြေခံ ဓမ္မသင်ခန်းစာများသင်ကာ စာသင်တိုက်များသို့ သွားရန် ပြင်ဆင်နေတတ်ကြပါသည်။ ဝါတွင်း ကာလ များတွင် တစ်ခါတရံ အချိန်ပိုင်း ဘုန်းကြီး ကျောင်းသား သွားလုပ်၍လည်းရ၊ ဥပသကာ ဝတ်ဖြူဝတ်ကာ အလှူခံထွက်၊ ဓမ္မစကြာရွတ်နှင့် ကျောင်းနှင့် ကန်နှင့် မဝေးနိုင်ပါပေ။
အခုတော့ ဒါတွေသည် အငွေ့ပျံသွားခဲ့ပါပြီ။ ပြန်မရနိုင်တော့သော အတိတ်များအဖြစ်သာ လွမ်းစရာကျန်ခဲ့ပါသည်။ ရွာကလေးကလည်း မြို့ကလေးဖြစ်သွားခဲ့ပြီ။ ဆရာတော်ကြီးသည်လည်း ကိုဗစ်ကပ်ဘေးအတွင်း ပျံတော်မူခဲ့ပြီ။ ကျွန်တော်တို့လည်း ကျောင်းမှ ကန်မှ ခွာ၊ ရပ်မှ ရွာမှ ခွာ၍ ရပ်ရွာတစ်ပါး၍ ကျင်လည်နေရပါပြီ။ မျိုးဆက်သစ်များက ကျောင်းနှင့်ကန်နှင့် ဝေးပုံပေါ်ပါသည်။ စာသင်တိုက်သွားမည့် မောင်ရင်လောင်း၊ ရဟန်းလောင်း များလည်းသိပ် မမြင်ရတော့ပါ။ အဘယ်ကြောင့် ဟူသည်ကို ကျွန်တော် အဖြေမရှာမိပါ။ အကြောင်းမှာ ဘုန်းကြီးကျောင်းထွက် ကျွန်တော် ကိုယ်တိုင်ပင်လျှင် ထိုအရေးကို တခုတ်တရ မတွေး ကျောင်းကန် နှင့် ဝေးခဲ့သည်မှာ ကြာပြီကိုး။
ဖစုကန်း