BREAKING
February 24, 2025

သရက်သီးစိုက်တောင်သူခြောက်ဦးသာ စိုက်ပျိုးအလေ့အကျင့်ကောင်း လက်မှတ်လျှောက်ထား

February 5, 2020

တနင်္သာရီတိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကျင့်သုံးကြောင်း GAP (Good Agricultural Practices) လက်မှတ်လာရောက် လျှောက်သူ သရက်စိုက်ပျိုးထုတ်လုပ် ရောင်းချသည့် တောင်သူခြောက်ဦးသာ ရှိသည်ဟု တနင်္သာရီတိုင်းစိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် ရောင်းချသူသည် ရေနှင့် မြေ၊ အပင်နှင့် သီးနှံများတွင် ဓာတုဓာတ်ကြွင်းပါဝင်မှု သတ်မှတ်ထားသည့် ပဏာမထက်ကျော် လွန်ခြင်းရှိ/မရှိ စစ်ဆေးရမည့်အပြင် လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘ၀ သာယာ၀ပြောမှု၊ ထုတ်ပိုးကိုင်တွယ်ပုံ နည်းစနစ်၊ သိုလှောင်နည်းစနစ်၊ ပတ်ဝန်း ကျင်ထိခိုက်မှုရှိမရှိ စသည့် လုပ်ထုံးလုပ် နည်း အချက် ၁၆ နှင့် အညီ စိုက်ပျိုး ထုတ်လုပ်ရမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။

“ဒီ GAP Guideline (GAP လမ်းညွှန်ချက်)နဲ့ အညီရောင်းချတဲ့ Market (ဈေးကွက်) တစ်ခုပေါ်လာမယ်ဆိုရင် ရောင်းချတဲ့ သူတွေ အတွက်လည်း အကျိုးအမြတ် ဈေးနည်းနည်းပိုရမယ်။ ဝယ်စားသုံးတဲ့ သူတွေအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းမယ်ပေါ့ နော်” ဟု ဦးသိန်းစိုးက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ GAP လမ်းညွှန်ချက် ဆယ့်ခြောက်ချက်နှင့် အညီစိုက် ပျိုးထုတ်လုပ်မှုရှိမရှိကို စိုက်ပျိုးရေးဦးစီး ဌာနမှ မြေဆီလွှာနှင့် ရောဂါပိုးမွှားများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ရေနှင့် ဓာတုဓာတ်ကြွင်းပါဝင်မှု သတ်မှတ် ပမာဏကို ရန်ကုန်သို့ပေးပို့စစ်ဆေးသည် ဟု ဦးသိန်းစိုးက ပြောသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ သရက်သီးစိုက်တောင်သူခြောက်ဦးသည် ပြီးခဲ့သည့်နှစ် ကတည်းက GAP လက်မှတ်လာရောက်လျှောက်ထားခဲ့သော်လည်း ရေနှင့် မြေတွင် စာမေးပွဲအောင်သော်လည်း သီးနှံတွင် ဓာတုဓာတ်ကြွင်းပါဝင်မှု သတ်မှတ် ပမာဏထက် အနည်းငယ် ကျော်လွန်၍ GAPလက်မှတ်စာမေးပွဲ ရှုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် သရက်သီးစိုက်တောင် သူခြောက်ဦးအပြင် ဘုတ်ပြင်း မြို့နယ်မှ ကော်ဖီစိုက်တောင်သူတစ်ဦးလည်း GAP လက်မှတ်လျှောက်ရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။

GAP နည်းစနစ်သည် မည့်သည့် ဟင်းသီးဟင်းရွက် သစ်သီး၀လံကိုမဆို စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ပြီး GAP လက်မှတ်ရရှိပါက ယင်းသီးနှံသည် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်း ပိုရကာ ပြည်ပဈေးကွက်သို့လည်း တင်ပို့ နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် GAP စနစ်ဖြင့် နှမ်း၊ ပဲ၊ သရက်သီး စသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပနိုင်ငံသို့ တင်ပို့မှုများရှိနေသော်လည် တနင်္သာရီတိုင်းတွင် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု လက်မှတ် မထုတ်ပေးနိုင်သေးကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

မိုးမြင့်