BREAKING
October 18, 2024

တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန် ဗိုင်းရပ်စ် စတင်စစ်ဆေး

February 5, 2020

အဝေးပြေကားဂိတ်တွင် ဝူဟန်ဗိုင်းရပ်စ်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - ကိုဆန်း

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ် နေသည့် တနင်္သာရီတိုင်း၏ နယ်စပ်ဝင် ပေါက်များတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက် လူနာ ဝင်ရောက်မှု ရှိ/မရှိကို စတင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ဝင်ပေါက် သုံးခုရှိ သည်။

ကော့သောင်းနယ်စပ်တွင် ဇန်နဝါရီ ၂၆ ရက်တွင် စတင်စစ်ဆေးပြီး မောတောင် နှင့် ထီးခီးနယ်စပ်တွင်မူ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်စစ် ဆေးနေ ကြောင်း အထက်ပါ ဌာနထံမှ သိရ သည်။

ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ဇန်နဝါရီ ၃၁ ရက်နေ့နောက်ဆုံးစာရင်းအရ ၁၉ ဦး အထိရှိလာပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူရှိလာပြီးနောက်ပိုင်းတွင် တနင်္သာရီတိုင်းတွင်လည်း စစ်ဆေးမှုများ လုပ်ဆောင်လာ ခြင်းဖြစ်သည်။

ယင်းဝင်ပေါက်များတွင် အဖျား လူနာ ဝင်ရောက်မှုကို ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာ စောင့်ကြည့်နေ ကြောင်း အထက်ပါဌာန တိုးချဲ့ကာကွယ် ဆေးနှင့် ကူးစက်ရောဂါနှိမ်နင်းရေးဌာနခွဲ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။

“အခုကတော့ ဖျားတဲ့သူရှိလား အရင်ကြည့်နေတယ်ပေါ့၊ နယ်စပ်ကလာ သူတွေကို”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။

ဖျားသည့်အပြင် ချောင်းဆိုး၊ အသက် ရှုကြပ်ဝေဒနာခံစားနေရသူတွေ့ရှိပါက ခရီးသွားခဲ့ဖူးသည့် ရာဇဝင်ကို မေးမြန်းကာ ဆေးရုံများရှိ ခရိုင်ဆေးရုံကြီးများရှိ သီးသန့်အဆောင်တွင် ထားရှိကုသမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝူဟန်ရောဂါ သံသယရှိက စောင့်ကြည့်ကုသနိုင်ရန် ခရိုင်ဆေးရုံကြီး ၃ ခုတွင် သီးသန့်အဆောင်များ ကြိုတင် ပြင်ထားရန်လည်း ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ညွှန်ကြားထားကြောင်း ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။

ယင်းအပြင် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေးဗီနိုင်း အရေအတွက် ၃၂၀ ချပ်ကို လူစည်ကားရာ နေရာများတွင် လာမည့်အပတ်အတွင်း စိုက်ထူသွားမည်ဖြစ်ကြောင်း ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။

အသိပညာပေးဗီနိုင်း စိုက်ထူခြင်း အပြင် လူထုအသိပညာပေးဆွေးနွေးများ ကိုလည်း ရပ်ရွာများအတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အသိပညာပေးမှုကို ကျယ်ပြန့်စွာ လုပ် ဆောင်ရန်လိုအပ်ပြီး ရပ်ရွာအတွင်းတွင် လက်ရှိအချိန်ထိ အသိပညာပေးမှုမရှိ သေးကြောင်း ထားဝယ်မြို့နေ မယုမွန်စိုး က ဆိုသည်။

“နယ်ဘက်မှာလည်း အသိပညာ ပေးမှုတွေ များများ လုပ်ဖို့လိုအပ်တယ်”ဟု မယုမွန်စိုးက ပြောသည်။

တရုတ်နိုင်ငံတွင် စတင်ပျံ့နှံ့ခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်က ဇန်နဝါရီလ ၂၈ ရက် အထိ နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် ကူးစက် ခံထားရပြီး ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။

Dawei Watch