BREAKING
January 7, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်း ဖြတ်သန်းခွင့်ပိတ်

January 5, 2025

ပုံစာ - တနင်္သာရီ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် မောတောင်လမ်းကို လုံးဝ ပိတ်လိုက် ကြောင်း Black Cobra Column စစ်ကြောင်းရုံးက ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလဒုတိယ အပတ်မှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း Black Cobra Column ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ကြောင့် ပြည်သူများထိခိုက်နစ်နာမှု မဖြစ်စေရေးအတွက် တနင်္သာရီ-မောတောင်လမ်းမကြီးတစ်လျှောက် ရေဖြူကျေးရွာ မှ သဲဖြူကျေးရွာအထိ လမ်းပိုင်းကို မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာြခင်းမလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ လမ်းပိုင်းတွင် ဒေသခံများမှအပ အခြားဒေသနေ ခရီးသွားဧည့်သည် များ အသုံးပြုသွားလာခြင်း မလုပ်ကြရန်လည်း တားမြစ်ထားသည်။

ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများက အရပ်သားကားများကို အသုံးပြုကာ သယ်ယူပို့ဆောင်ရေးလုပ်ဆောင် နေကြောင်း Black Cobra Column၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အရပ်သားကားကို အကာအကွယ်ယူပြီး လိုက်တာရှိတော့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းအား စစ်ကောင်စီတပ်သား အင်အားရာချီဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်။

ထို့အပြင် တိုက်ပွဲအစောပိုင်းကာလတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းများကို ယူဆောင် သွားသည့်အပြင် ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအနေဖြင့် စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်ခံရသူများလည်း ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

နှစ်ဖက် ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ လလယ်ပိုင်းကတည်းက အဆိုပါလမ်းမှာ သွားလာ၍ မရတော့ကြောင်း အဆိုပါလမ်းပိုင်းရှိ သဘွတ်လိပ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကားက ဖြတ်လို့မရတာ ဒီဇင်ဘာ ၁၇ (ရက်) ကတည်းက။ ရွာမှာဆိုလို့ရှိရင် စက်သုံးဆီပြတ်လပ်တော့ လုပ်ငန်းတွေ မလည်ပတ်နိုင်တာနဲ့ ရိက္ခာပိုင်းဆိုင်ရာမှာလည်း ပြတ်လပ်မှုတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ခံစားနေရပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကားလမ်းပိတ်ဆို့မှုနောက်ဆက်တွဲအနေဖြင့် ကုန်ဈေးနှုန်းအပါအဝင် စက်သုံးဆီပြတ်လပ်မှုများကြောင့် ဒေသခံများ အခက်အခဲ ကြုံနေရကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။