ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်ဒေသတွင် ကုန်တင်ကားဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၄ ဦးသည် ဇန်နဝါရီလ ၄ ရက် ညပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မဲဆောက်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဟင်းသီးဟင်းရွက် ကုန်တင်ကားတစ်စီးကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကုန်တင်ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးလာခဲ့ခြင်းဖြစ်ပြီး အထဲတွင် မြန်မာအမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ခုနစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများတွင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများနှင့်အတူ အသက် ၂၀ အရွယ် ထိုင်းကားသမားနှင့် နောက်လိုက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို တာခ့်ခရိုင် ဝမ်ကျောက်ဒေသမှတစ်ဆင့် ကန်ဖန်းဖက်ခရိုင်သို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာခြင်း ဖြစ်ပြီး ပို့ဆောင်ခအဖြစ်တစ်ဦးစီအတွက် ဘတ်သုံးထောင် ရရှိမည်ဖြစ်ကြောင်း ကားသမားက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထား သည်။
အဆိုပါကားသမားသည် မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်ဖူးသဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ပြီး ယခုနောက်တစ်ကြိမ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဖဝိုရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: MGR Online, Siamrath Online, Matichon Online