ဒီဇင်ဘာလ ဒုတိယအပတ်ခန့်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ကျေးရွာက စစ်ဘေးရှောင်များ အကူအညီလိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ကျေးရွာက စစ်ရှောင်ဒေသခံ ၁၂၀၀၀ကျော်ရှိနေပြီး အဆိုပါဒေသခံများအားလုံး စစ်ဘေးရှောင် နေရသည်မှာ တစ်လခန့် ရှိနေပြီဖြစ်ကြောင်း ခုနစ်စဉ်ကြယ်လူသားချင်းစာနာထောက်ထားမှုကူညီရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
စစ်ဘေးရှောင်များမှာ မြို့ပြဘက်သို့ တိမ်းရှောင်၍ မရကြဘဲ တောတောင်ဥယျာဉ်ခြံများအတွင်းသို့ တိမ်းရှောင်နေကြ ရသဖြင့် စားသောက်ရေးအတွက် ရိက္ခာ အရေးတကြီးထောက်ပံ့ရန်လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“ကူညီမယ့်သူတွေက တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်သွားရတဲ့အခါကျတော့ ရိက္ခာပို့ချင်တဲ့သူတွေက အလွယ်တကူ ပို့မရတဲ့ အခါကျတော့ အဲဒီမှာ ရိက္ခာပြတ်တဲ့အခက်အခဲက တော်တော်ကိုကြီးမားနေတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။
စားနပ်ရိက္ခာအပြင် ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်နှင့် ခြုံစောင်လိုအပ်လျက်ရှိပြီး တောတောင်ထဲက ချောင်းရေကို သောက်ရေအဖြစ်အသုံးပြုနေရခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောကဲ့သို့ ရောဂါများအတွက်လည်း ဆေးဝါး လိုအပ်လျက်ရှိကြောင်း ဆိုသည်။
“ပထမဦးစားပေးရွေးရမယ်ဆိုရင် စားနပ်ရိက္ခာနဲ့ ဆေးဝါးပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ဘေးရှောင်များမှာ နေရာအနှံ့အပြားတွင် ပြန့်ကြဲနေထိုင်ကြသည့်အတွက် အကူအညီ လုံးဝမရရှိသူများလည်း ရှိနေကြကြောင်း ဆိုသည်။
ထို့ကြောင့် စစ်ဘေးရှောင်များအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသည့် အဖွဲ့ များ၊ နီးစပ်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီးကူညီပေးရန် အထက်ပါတာဝန်ရှိသူက တိုက်တွန်းသည်။
တိုက်ပွဲကြောင့် လနှင့်ချီ စစ်ဘေးရှောင်နေရရသူများအနက် သက်ကြီးရွယ်အိုနှင့် ကလေးများမှာ ဖျားနာခြင်းနှင့် အခြားရောဂါများကို ခံစားနေကြရကြောင်း ခုနစ်စဉ်ကြယ်အဖွဲ့ ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ထိုင်းနယ်စပ် မောတောင်မြို့သို့ သွားသည့် လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး နေသဖြင့် ထုံခါ- မောတောင်လမ်းပိုင်းတွင် စစ်ရေးမှာ ဆက်လက်ပြင်းထန်နိုင်ကြောင်း ယင်းလမ်းပိုင်းတွင် လှုပ်ရှားနေည့် KNLA မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကောင်စီတပ်က မောတောင်စခန်းကို တပ်ရင်းမှူးပြောင်းဖို့ တက်လာတာလို့ သိထားရတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင်မူ စစ်ကောင်စီတပ် စစ်ကြောင်းမှာ အဓိကလမ်းမကြီးကို ရှောင်ပြီး တောလမ်းအတိုင်း ရှေ့ဆက် သွားနေပြီး ယခုရက်ပိုင်းအတွင်း ထိတွေ့ပစ်ခတ်မှု နည်းပါးနေကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။
ဇန်နဝါရီလ ၁ရက်ကမူ အင်အား ၂၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်က ထုံခါရွာနှင့် ချောင်းနှစ်ပေါက် ရွာကြား ဆီအုန်းတောအတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံးငါးဦးဒဏ်ရာရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။