BREAKING
January 7, 2025

ထားဝယ်ထောင်က နိုင်ကျဥ်းသုံးဦးအပါအဝင် တစ်ဆယ်ကျော်လွတ်မြောက်

January 5, 2025

ပုံစာ - ထားဝယ်ထောင်မှ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်က အကျဥ်းသားများ လွှတ်ပေးနေစဥ်(ပုံဟောင်း)။ ဓာတ်ပုံ - Dawei Watch

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုရာတွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ဆယ်ဦးနှင့် အကျဥ်းသူသုံးဦး ပြန်လည်လွတ်မြောက်ကြောင်း အကျဥ်းသားမိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းတို့အနက် နိုင်ငံရေးအကျဥ်းသားနှစ်ဦးနှင့် နိုင်ငံရေးအကျဥ်းသူတစ်ဦး ပါဝင်သည်ဟု ထောင်တာဝန်ခံများ၏ အတည်ပြုချက်အရ သိရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

“၅၀၅ ပုဒ်မတွေနဲ့ ကျထားပြီး လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဥ်းသားသုံးဦး (ထားဝယ်ထောင်ကနေ) ပြန်လွတ်လာပါတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။

မြိတ်အကျဥ်းထောင်က လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဥ်းသား၊ အကျဉ်းသူ ခြောက်ဦးပါဝင်ပြီး ကော့သောင်း အကျဥ်းထောင်ကမူ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ခြင်း မရှိကြောင်း PPNM ထံမှ သိရသည်။

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၄ ရက်တွင် စစ်ကောင်စီက အကျဥ်းသား ငါးထောင်ရှစ်ရာကျော် လွတ်ငြိမ်းခွင့်ပြုရာတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ခြောက်ရာခန့်လည်း ပါဝင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။