ကလေးပေါင်း အနည်းဆုံး ၉၇၄ ဦး။ (ဖက်ဒရယ် ပြည်ထဲရေးဌာန၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ)
ကျောင်းသူ/သား ပေါင်း ၃၁၀၀ ကျော်။ (ဝါရှင်တန်ပို့စ်သတင်းစာကပြုစုထားသည့်မှတ်တမ်း)
အထက်ပါကိန်းဂဏန်း နှစ်ခုမှာ နှစ်ပေါင်း ၁၅၀ အတွင်း အမေရိကန် အစိုးရ၏ ဖက်ဒရယ်ကျောင်းများ နှင့် ဘာသာရေးအဖွဲ့များက လည်ပတ်သော ဘော်ဒါကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည့် ဒေသခံဌာနေ လူမျိုးနွယ်စု ကလေးများ၏ အရေအတွက်ဖြစ်သည်။ လေ့လာမှုမတူခြင်းကြောင့် ကိန်းဂဏန်းများနှစ်ခုမှာ ကွဲလွဲနေသော်လည်း သေဆုံးခဲ့ရသည့် အကြောင်းအရင်း များကို ဖော်ပြရာ၌မူ ဆင်တူနေသည်။
ယေဘုယျ ခြုံပြောရလျှင် ထိုကလေးအများစုမှာ ဘော်ဒါကျောင်းများတွင် ကိုယ်ရော စိတ်ပါ နှိပ်စက်ကလူပြုခံရခြင်းကြောင့်ဟုဆိုသည်။
ပညာပေးရန်
ကန်ဖက်ဒရယ်အစိုးရက ၁၈၁၉တွင် ဒေသခံဌာနေကလေးများအတွက် ရည်ရွယ်သည့် ဥပဒေနှင့် မူဝါဒများကို ထုတ်ပြန်ခဲ့သည်။
ဤသည်က ဒေသခံဌာနေလူမျိုးနွယ်စုများ၏ ကလေးများကို ကျောင်းပညာ ပေးနိုင်ရန် ဖြစ်သည်။
ထိုစဉ်ကာလမှ စတင်ခဲ့သော အစိုးရ၏ကျောင်းများနှင့် အစိုးရက ထောက်ပံ့၍ ဘာသာရေး အဖွဲ့အစည်းများက လည်ပတ်သော ကျောင်းများသည် ၁၉၆၀ ပြည့်နှစ်များအထိ လည်ပတ်နေခဲ့သည် ဟုဆိုသည်။
ထိုကျောင်းများက များစွာသော ဒေသခံဌာနေမျိုးနွယ်စုမှ ကလေးများအဖို့ ငရဲခန်းများ ဖြစ်နေခဲ့သည်။ ထို့အပြင် ထိုကလေးအများစုမှာ အုပ်ထိန်းသူများ၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ မိဘရပ်ဝေး တနယ်တကျေးက ဘော်ဒါကျောင်းများသို့ ပို့ဆောင်ခံရသူများဖြစ်သည်။
ဘော်ဒါကျောင်းများမှာ ကျောင်းအိပ်ကျောင်းစားလည်ပတ်ပြီး စည်းကမ်းတင်းကျပ်လှ၍ အပြစ်ဒဏ် ပေးမှုမှာလည်း ကြမ်းတမ်းခဲ့သည်။ ကလေးငယ်များ သေဆုံးခဲ့ရသည့် အကြောင်းရင်းများတွင် နာမကျန်းဖြစ်ခြင်း၊ မတော်မဆမှုများနှင့် နှိပ်စက်ခံရခြင်းမျိုးများပါဝင်သည်။
ပြင်းထန်စွာရိုက်နှက် ခံရခြင်း၊ အစာမကျွေးဘဲ အငတ်ထားခြင်းမျိုးလည်းရှိသည်။ ကျောင်းများတွင် ဌာနေဒေသခံ ကလေးငယ်များကို အင်္ဂလိပ်နာမည်သစ်များပေးခဲ့သည်။
ယင်းတို့၏ မျိုးနွယ်စုနာမည်များမှာ အသိအမှတ် ပြုမခံခဲ့ရပေ။ ဆံပင်ကေ ပြောင်းပေးသည်။
အင်္ဂလိပ်စကားမှအပ မိခင်ဘာသာစကား မပြောရ။ ပြောလျှင် ပြင်းထန်သော ဒဏ်ပေးခံရသည်။
ယင်းတို့၏ တိုင်းရင်းသား ယဉ်ကျေးမှု အမူအကျင့်၊ ကိုးကွယ် ယုံကြည်မှု အစရှိသည်တို့ကို စွန့်လွှတ်ရသည်။
ထို့အပြင် လယ်ယာ၊ အုတ်ဖုတ်၊ ရထားလမ်းအလုပ်များကဲ့သို့သော အလုပ်ကြမ်းမျိုး များတွင်လည်း ခိုင်းစေခံခဲ့ရ၍ ရိုကျိုးအောင် ပုံသွင်းခံခဲ့ကြရသည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ကြရသူများလည်းရှိသည်။
ဤအဖြစ်အပျက်များမှာ ကျောင်းများတွင် မတော်တဆဖြစ်ပျက်ခဲ့သည်များမဟုတ်။
ဌာနေတိုင်းရင်းသား ကလေးငယ်များကို ယင်းတို့၏ ဇာစ်မြစ်မူလဖြစ်သော ရိုးရာ ဓလေ့ထုံးတမ်းများ၊ ဘာသာစကားများ၊ ကိုးကွယ်ယုံကြည်မှု၊ အမူအကျင့်များမှ ဝေးကွာသွားအောင် စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တနည်းဆို ရလျှင် ဌာနေဒေသခံမျိုးနွယ်စုများ၏ ယဉ်ကျေးမှုကို အညွန့်တုံးအောင် လုပ်ခြင်းဖြစ်သည်။
ထိုဌာနေ ကလေးငယ်များကို ထိုခေတ်အခါက အမေရိကန်တွင် အုပ်စိုးနေသော လူဖြူများ၏ စရိုက် လက္ခဏာ၊ ယဉ်ကျေးမှု ဓလေ့များကို အတင်းအကျပ်သွတ်သွင်းခြင်းဖြစ်သည်။
ထိုကဲ့သို့ အဓမ္မနည်းဖြင့် လူဖြူဇာတ်သွင်းရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သော ကျောင်းအချို့တွင် ကျောင်းဝင်းအတွင်း အကြောင်းမျိုးစုံဖြင့် ကြွေလွင့်ခဲ့ရသော ကလေးများ၏ အသက်မဲ့ခန္ဓာများ မြှုပ်နှံထားခဲ့သည်။
တစပြင်အလား ထိုကျောင်းများသည် သွေးစွန်းသော ကျောင်းများ ဖြစ်ခဲ့သည်။
ပညာရေးတဲ့လား
အထက်ပါဖြစ်ရပ်မျိုးသည် အမေရိကန်တခုတည်းတွင်ဖြစ်ခဲ့သည်မဟုတ်။ ကနေဒါတွင်လည်း အလားတူ ဖြစ်ရပ်ဆိုးများရှိသည်။
နယ်ချဲ့ကိုလိုနီများ၏ သမိုင်းတွင် ဤကိစ္စမျိုးများစွာ ဖြစ်ခဲ့သည်။ နယူးဇီလန် ဌာနေ တိုင်းရင်းသားများအပေါ် လူဖြူအုပ်စိုးသူများက ဆိုးဝါးစွာပြုမူခဲ့သည့် ကိစ္စရပ်တခုတွင် ကျောင်းများတွင် ဌာနေ ကလေးငယ်များကို အဓမ္မ လူဖြူဇာတ်သွင်းခြင်းမျိုးရှိခဲ့သည်။
မိခင်ဘာသာစကား ပြောမိ၍၊ အင်္ဂလိပ်လို မပြောတတ်၍ နှိပ်စက်ခံရ၊ ခွဲခြားခံရ၊ အပြစ်ပေးခံရသည့် ဖြစ်ရပ်ဆိုးများစွာရှိခဲ့သည်။
ကိုလိုနီခေတ်က မြန်မာပြည်ကို ပြန်ကြည့်လျှင်လည်း ဗြိတိသျှအစိုးရက ပံ့ပိုး၍ ဘာသာရေးအဖွဲ့အစည်းများက လည်ပတ်သော ကျောင်းများစွာရှိခဲ့သည်။
ဘိုလိုနာမည်ကလေးတပ်ရပြီး၊ ဘိုကေညှပ်၊ ဘိုလိုပြော၍ ဘိုပညာရေးမျိုး သင်ရသော ကျောင်းများရှိခဲ့သည်။
ဤသို့ မာဂရက်ဂွက်ထော် တို့၏ ကျောင်းမျိုးကား ဥရောပသားတို့၏ကိုလိုနီနယ်မြေများတွင်သာ ရှိခဲ့သည် မဟုတ်။ ဥရောပ၏ကိုလိုနီအပြုမခံခဲ့ရသော ထိုင်းနိုင်ငံ၏မြောက်ပိုင်းတွင်လည်း ရှိခဲ့သည်ဟုဆိုသည်။
လန္နား ဟု သိကြသည့် နယ်ကြီးတွင် ယခုအများသိကြသော ထိုင်း စကားနှင့်မတူသည့် စကား၊ စာပေ ရှိသည်။
ထိုအရပ်မှ ရှေ့မီနောက်မီ ဆရာကြီး တဦးက ယင်း၏ ငယ်စဉ်ဘဝ ကျောင်းတက်ရသော အချိန်ကို ပြန်ပြောပြသောအခါတွင် သူတက်ရသော ကျောင်းတွင် ထိုင်းစကားမပြော၍ အရိုက်ခံခဲ့ရသည့် အဖြစ်အပျက်မျိုးရှိသည်ကို သတိထားမိ သည်။ ဤသို့သော အဖြစ်မျိုးကို အချို့က ထိုင်းမှုပြုခြင်း တမျိုးဟုဆိုသည်။
အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရပြီးနောက် ကိုယ့်နိုင်ငံ၏ အခြေအနေကို ပြန်ကြည့်သော အခါတွင်လည်း အစိုးရ၏ စာသင်ကျောင်းများသည် ကလေးများအဖို့ မိခင်ဘာသာစကားများကို လွတ်လပ်စွာ အသုံးပြု၍ သင်ယူခွင့်မရခဲ့။
ပုံနှိပ်စာအုပ်များကား ဗမာစာနှင့် အင်္ဂလိပ်စာသာဖြစ်သည်။ ထို့ထက်ဆိုးသည်ကား ဗမာ မဟုတ်သော မိခင်ဘာသာစကားများစွာကို တရားဝင် သင်ခွင့်မရခဲ့သော အချိန်ကာလများရှိခဲ့ပြီး ဗမာနှင့် အင်္ဂလိပ်စာကို ကောင်းစွာ မတတ်ကျွမ်းလျှင် အစိုးရ၏ ပညာရေးစနစ်တွင် အရှုံးသမားဘဝအဖြစ် ခရီးဆုံးရခဲ့ခြင်းမျိုးဖြစ်သည်။
အမေရိကန်ရှိ ဌာနေတိုင်းရင်းသားများအတွက် ရည်ရွယ်သော ဘော်ဒါကျောင်းများကဲ့သို့ ဆိုးဝါးပြင်းထန် လှသည် မဟုတ်နိုင်သော်လည်း အလားတူ အဖြစ်အပျက်မျိုးနှင့် ဆင်တူသည့် မြန်မာပြည်မှ ကျောင်းများနှင့် အဖြစ်အပျက် များကို မျက်မြင် ကိုယ်တွေ့ ကြုံရ၊ ကြားရ သိရဖူးသည်။
ကရင်ကလေးမလေး တဦးသည် မြန်မာ အစိုးရက ဖွင့်သော ကျောင်းတွင် ဗမာနာမည် အပြောင်းခံခဲ့ရသည်ကို ပြောပြဖူးသည်။
ကျောင်းတွင် ဘုရားရှိခိုးရန် ဖိအားပေးခံရဖူးသည့် ကလေးများ၊ ဆရာ/ ဆရာမများက ပြင်းထန်စွာ ထိုးကြိတ်ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် ကလေးများ၊ ကျောင်းများတွင် ဆရာ/ဆရာမ များနှင့် အခြားကျောင်းသူ/သားများ၏ မျိုးနွယ်စု၊ ဘာသာရေး၊ ယုံကြည်မှုများအပေါ် အခြေပြု၍ ခွဲခြားဆက်ဆံခံရခြင်း၊ ရိုင်းပြစွာ ဆဲဆိုခံရခြင်း၊ လှောင်ပြောင်ခံရခြင်းမျိုး ကလည်း ရှိနေခဲ့သည်။
ဤသို့သော အဖြစ်အပျက်များကို “အာစရိယဂုဏော အနန္တော” သို့မဟုတ် ကလေးပညာရေးအတွက် ဆုံးမ ပဲ့ပြင်တာပါ ဟူသော ခေါင်းစဉ်အောက်တွင်ထည့်လိုက်တတ်ကြသည်။
ကလေးများ၏ စိတ်ဒဏ်ရာ၊ ကြေမွ သွားသော နှလုံးသားများ၊ သိမ်ငယ်ရှက်ရွံ့မှုများမှာ လစ်လျူရှုခံလိုက်ရသည်က များသည်။
အချို့မှာ ကျောင်းက ပေးလိုက်သော ပညာထက် စိတ်ဒဏ်ရာကြီးက ပိုနေသည်။ မိခင်ဘာသာစကားကို ကျောင်းတွင် မသုံးရတော့သဖြင့် မိခင်ဘာသာစကား မရတော့သော သူများ ရှိသွားသည်။
ထို့ကြောင့် ပညာရေး စနစ်ဟူသည်ကို မေးခွန်း ထုတ်လာကြသည်မှာ မဆန်း။ စနစ်သည် မည်သည်ကို ဦးတည်နေသလဲဟု စေ့ငုကြည့် လိုကြသူတွေများလာသည်။
ပညာရေးတွင် စာမေးပွဲစနစ်သုံး၍ စံတိုက်သည့် (Standardisation) အလေ့အထ ကို ဝေဖန်လာကြသည်။ မည်သူတို့၏ စံလဲ။ မည်သူတို့အတွက် အားသာစေသည့် စံသတ်မှတ်ချက်လဲ။ မည်သည့် အတွက် သတ်မှတ်ရသလဲ။ ထောင့်စုံက မေးခွန်းတွေရှိလာခဲ့သည်။
အကယ်တန္တု ပညာရေးစနစ်များသည် အားနည်း အားသာချက်များရှိသည်သာဖြစ်သည်။ ဘာ့အတွက် သင်ယူကြရ သလဲ။
စနစ်က စနစ်တကျ မမျှတမှုကို ဖြစ်စေသလားဆိုသည်ကိုလည်း ဆန်းစစ်ရမည်ဖြစ်သည်။
ရေထဲက လိပ်ကို အပျံသင်သလို စနစ်မျိုးလည်း မဖြစ်ဖို့ တွေးဆ လုပ်ကိုင်ကြရမည်ဖြစ်သည်။
အရေးကြီးဆုံးမှာ ပညာရေးစနစ်များကို အကောင်အထည်ဖော်ရာ ကျောင်းများသည် အကြမ်းဖက်နည်းနာများကိုမသုံးသော၊ စနစ်တကျနှင့် လူတို့၏ ဖြစ်တည်မှုကို ဖိအားပေးပြောင်းလဲခိုင်းသော ကျောင်းမျိုး၊ သွေးစွန်းသော ကျောင်းမျိုး မဖြစ်ဖို့ လိုပါသည်။
အရောင်စုံသော ဖြစ်တည်မှုများ ဆုံစည်းနေမိသော ဗဟုလူ့အဖွဲ့အစည်း မြန်မာပြည်ဝယ် တိုင်းရင်းသားများ၏ မတူသော ပညာရေးစနစ်များရှိနေမည်ဖြစ်ပါသည်။
ထိုမတူသော အရာများ မည်သို့ ချိတ်ဆက်၍ပူးပေါင်း လုပ်ကိုင်ကြမည်ဆိုသည်မှာ ခက်နိုင်သော်လည်း လက်တွေ့ကျသော စဉ်းစားဖွယ်ရာ ဖြစ်ပြီး မတူသော အရာများကို တူညီအောင် နည်းပေါင်းစုံဖြင့် ဇွတ်အတင်းသွတ်သွင်းသည်မှာ ဘေးထွက် ဆိုးကျိုးများခဲ့ပြီဖြစ်သော၊ မလိုလားအပ်သော ဥပါဒ်များကို ဖန်တီးနိုင်သော လမ်းဟောင်းတခုဖြစ်ပါသည်။
ဟေမန်မိုး
ကိုးကား –