ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ပွဲဦးထွက်စစ်ဆင်ရေးအဖြစ် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေဆုံးကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ယနေ့ထုတ်ပြန်သည်။
လောင်းလုံးကျွန်းဆွယ်အတွင်း ရက်အရှည်ဆုံး တိုက်ပွဲတစ်ခုဖြစ်သည့် အဆိုပါစစ်ဆင်ရေး ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ ၆ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ကြည်း၊ရေ၊လေ အင်အားသုံး ခုခံမှုကြောင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့သည်။
ထိုတိုက်ပွဲတွင် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ၄ ခုရှိသည့်အနက် စီမံကိန်းစခန်း( ရေခဲစက်)ကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရေခဲစက်ကို သူတို့( စစ်ကောင်စီတပ်) တွေနေလို့မရအောင် မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ၎င်းကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၄၀ ကျော်သေဆုံးကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှာ ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ သရက်ချောင်းမြို့နယ်ရှိ တပ်ရင်းတစ်ခုဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုဘက်ကမူ ရဲဘော်နှစ်ဦးသေဆုံးပြီး ဒဏ်ရာအနည်းငယ်ရသူ အချို့ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“ရဲဘော်နှစ်ယောက်ကျတာကတော့ T1( ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း) ကပါ” ဟု အခြားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကဆိုသည်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီစခန်းမှာ ဒေသခံရေလုပ်သားများထံမှ လစဉ် ကျပ်သိန်းရာချီ အဓမ္မငွေကြေးကောက်ခံနေသည့် စခန်းတစ်ခုဖြစ်ကြောင်း ရေလုပ်သားတို့က ပြောဆိုသည်။
အာဏာသိမ်းကာလတစ်လျှောက် ထိုစစ်ကောင်စီစခန်းရှိ ပျူစောထီးခေါင်းဆောင်ထံ ရေလုပ်သားများက ငွေကြေးပေးဆောင်ပြီးမှ ပင်လယ်ထဲ ငါးဖမ်းထွက်ကြရပြီး မပေးနိုင်ပါက ငါးဖမ်းခွင့်မပြုကြောင်း ရေလုပ်သားများက ပြောဆိုသည်။
“ပိုက်ဆံမပေးနိုင်ရင် အဲဒီလှေကျောက်နီမော်ရွာကို လုံးဝမလာနဲ့။ တွေ့တဲ့နေရာမှာ အဲဒီလှေကို ပြဿနာရှာတာ” ဟု ဒေသခံရေလုပ်သားတစ်ဦးက ပြောဆိုသည်။
ယင်းကျောက်နီမော်ရွာ စစ်ကောင်စီစခန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ဦးဆောင်ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း တပ်ခွဲ ၇၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ နွေဦးပျောက်ကြားတပ်ဖွဲ့ တို့အပါအဝင် အခြားတပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်ကလည်း ကျောက်နီမော်စခန်းမကျစေရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံကာကွယ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်ညတွင်မူ စစ်ကောင်စီစစ်သင်္ဘောမှလှေတစ်စီး ကျောက်နီမော်ကျေးရွာသို့ စစ်ကူပေးရန် ထွက်လာချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် နစ်မြှုပ်သွားကြောင်း ဆိုသည်။
“သူတို့( စစ်ကောင်စီတပ်) ကစက်သံတောင်မဖွင့်ဘဲ လက်နဲ့လှော်ပြီး တိတ်တိတ်လေးချဉ်းကပ်လာတာ။ သေနတ်ကနေ မီးပွင့်ထွက်လာမှ လှေနဲ့ကူးနေတာသိပြီး ဒီဖက်က ဝိုင်းပစ်လို့ အဲဒီလှေနစ်သွားတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၂၆ ရက်တွင်လည်း လှေဖြင့် စစ်ကူပေးရန် စစ်ကောင်စီတပ်က ထပ်မံကြိုးစားခဲ့သေးကြောင်း၊ စစ်သင်္ဘောမှ လက်နက်ကြီး အမြောက်အများ ပစ်ကူပေးပြီး ချဉ်းကပ်လာခြင်းကြောင့် မထိန်းနိုင်တော့သဖြင့် စစ်ကောင်စီစစ်ကူများ အဆိုပါညတွင် ကမ်းကပ်နိုင်ခဲ့သည်ဟုဆိုသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဒီဇင်ဘာလ ၂၇ ရက်အထိ ဝိုင်းဝန်းပိတ်ဆို့ကာ စခန်းသိမ်းနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အင်အားသုံး ခုခံသဖြင့် ဆုတ်ခွာခဲ့ရကြောင်း တပ်ပေါင်းစုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်သင်္ဘောမှလက်နက်ကြီး အများအပြားပစ်ခတ်ခဲ့ခြင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်အချို့က သုံးသပ်ပြောဆိုသည်။
ထိုတိုက်ပွဲမှာ အာဏာသိမ်းကာလတစ်လျှောက် လောင်းလုံးကျွန်းဆွယ်ပေါ်တွင် အရက်အရှည်ဆုံး တိုက်ပွဲတစ်ခုဖြစ်ပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ပွဲဦးထွက် စစ်ဆင်ရေးလည်းဖြစ်သည်။
တိုက်ပွဲအတွင်း အရပ်သားနေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး အများဆုံးမှာ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များကဆိုသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကျောက်နီမော်ကျေးရွာမှ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က အနီးနားကျေးရွာများဘက် စစ်ကြောင်းထိုးကာ ဒေသခံများအားဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းအတွက်ကြောင့် ကျောက်နီမော်ကျေးရွာအပါအဝင် အနီးနားရှိ ဇလွတ်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်၊ ညောပြင်၊ ကျောက်မတ္တပ် စသည့်ကျေးရွာတို့မှ ဒေသခံထောင်ချီမှာ ယနေ့အချိန်အထိ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
စစ်ကောင်စီတပ် စစ်သင်္ဘောမှာမူ ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် လောင်းလုံးကျွန်းဆွယ် နေရာအနှံ့ရှိ ပင်လယ်ပြင်သို့ လျှောက်သွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ယနေ့အချိန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။