ဂင်းနစ်စံချိန်မှတ်တမ်းက စာရင်းပြုစုထားသည့် ကမ္ဘာ့သက်အကြီးဆုံးလူသား ဂျပန်အမျိုးသမီးသည် အသက် ၁၁၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း BBC ကဖော်ပြထားသည်။
ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံထားရသော ဂျပန်အမျိုးသမီး တိုမီကို အိုင်တူးကာ သည် ဟိုဂို စီရင်စု၊ အေရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။
တိုမီကို အိုင်တူးကာ သည် စပိန်သူ မာရီယာ ဘရန်ယတ်စ် မိုရီရာ ကွယ်လွန်သွားခဲ့အပြီးအတွင် ဂင်းနစ်စံချိန်မှတ်တမ်းတွင် ကမ္ဘာ့သက်အကြီးဆုံးလူသားအဖြစ် စံချိန်မှတ်တမ်းဝင်နေခဲ့ခြင်းဖြစ်သည်။
စပိန်သူ မာရီယာ ဘရန်ယတ်စ် မိုရီရာ သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ မာရီယာ ဘရန်ယတ်စ် မိုရီရာ က အသက် ၁၁၇ နှစ် ရှိနေခဲ့ပြီဖြစ်သည်။
တိုမီကို အိုင်တူးကာကို ပထမကမ္ဘာစစ်ကြီး မဖြစ်ပွားမီ ခြောက်နှစ်အလို ၁၉၀၈ ခုနှစ်၊ မေလ၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူမကို မွေးဖွားသည့်နှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် Ford ကားထုတ်လုပ်ရေးလုပ်ငန်းစုက Ford Model T ကားကို စတင်မိတ်ဆက်သည့်နှစ်လည်းဖြစ်သည်။
Source – BBC News