ထားဝယ်တွင် နွေရာသီ သံပရာသီး အထွက်နည်းလာခြင်းနှင့် ဈေးကွက်အတွင်း အဝင်နည်းနေခြင်းတို့ကြောင့် ဈေးကွက်တွင် ယခုအပတ် သံပရာသီးတစ်လုံးကို ၆၀၀ ကျပ် အထိ ပေးဝယ်နေရကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် မိုးတွင်းကာလက သံပရာသီးအငယ်တစ်လုံးကို ၅၀ ကျပ်မှ ၁၀၀ကျပ်၊ သံပရာသီးအကြီးတစ်လုံးကို ကျပ် ၂၀၀ မှ ၂၅၀ကျပ်ခန့်အထိသာ စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
သို့သော် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလ ပထမအပတ်ထဲတွင် သံပရာသီးအငယ်တစ်လုံးလျှင် ၃၀၀ ကျပ်၊ သံပရာသီးအကြီးတစ်လုံးလျှင်၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ ပေးဝယ်နေရကြောင်း ထားဝယ်မုန့်လက်သုပ်ရောင်းသည့် အိမ်ရှင်မတစ်ဦးက ပြောသည်။
“မနှစ်ကဆို ၃၀၀ အများဆုံးပဲ။ ဒီနှစ်ကုန်ခါနီးကစပြီး တက်လာတာ။ မုန့်လက်သုပ်ထဲ သံပရာသီး မထည့်ပေးနိုင်တော့ဘူး။ ချဉ်ရည်ဘူးပဲ ထားပေးထားတော့တယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်ဈေးကွက်တွင် ဈေးမြင့်နေသော်လည်း ဒေသတွင်း ဥယျာဉ်ခြံရှင်များတွင် ဈေးကောင်းရရှိခြင်းမျိုး မရှိခဲ့ဘဲ အထွက်များသည့် မိုးရာသီတွင် သံပရာသီးတစ်လုံး ကို ၅၀ကျပ်မှ ၁၀၀အထိသာ အများဆုံးရပြီး နွေရာသီတွင် ၂၀၀ကျပ် ကျပ်ခန့်သာ အများဆုံးရရှိခဲ့ကြောင်း ထားဝယ်အရှေ့တောဒေသရှိ သံပရာခြံစိုက်သူ ဒေသခံတစ်ဦးက ဆိုသည်။
“တစ်နေ့ကပဲ ရောင်းသေးတယ်။ တစ်လုံး ၂၀၀ ပဲ။ မိုးတွင်းတုန်းက ဆယ်လုံးမှ ၄၀၀ ကျပ်လောက်ပဲ ရတာ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထားဝယ်ဒေသ၏ ဒေသထွက်ကုန်များ သယ်ယူခွင့် ကန့်သတ်ခံရခြင်းနှင့် တိုက်ပွဲများကြောင့် ဒေသထွက်ကုန်များ ထားဝယ်ဈေးကွက်သို့ အချိန်မီ မရောက်တော့ကြောင်း တောင်သူများထံမှ သိရသည်။
“လမ်းကြောင်းကောင်းရင်တော့ သယ်လို့ရပါတယ်။ မကောင်းရင်တော့ တစ်ရက်နှစ်ရက် စောင့်ကြည့်ရတာပေါ့” ဟု အထက်ပါ ဥယျာဉ်ခြံစိုက်သူက ပြောသည်။
ယင်းကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းနည်းကာ ဈေးတက်ရခြင်းလည်းဖြစ်ကြောင်း ဈေးသည်အချို့က ပြောဆိုသည်။
သံပရာသီးမှာ ထားဝယ်ရိုးရာမုန့်လက်သုပ်တွင် မပါမဖြစ်သည့် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး စားသောက်ဆိုင်၊ တစ်ပိုင်တစ်နိုင် အအေးဆိုင်များတွင်လည်း အများဆုံးအသုံးပြုသည်။
သံပရာသီးကို ထားဝယ်ဒေသတွင် သရက်ချောင်းမြို့နယ် သဲချောင်းကြီးရွာ၊ ထားဝယ်အရှေ့တောဒေသနှင့် ရေဖြူမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြသည်။
သံပရာသီးအထွက်အများဆုံးကာလမှာ မိုးတွင်းကာလဖြစ်ပြီး နွေရာသီတွင် အထွက်နည်းလေ့ရှိသည်။