ရေဖြူမြို့ အရှေ့ဖက်ကမ်းနှင့် အနောက်ဖက်ကမ်းကို ဆက်သွယ်ပေးထားသည့် တံတားတွင် မိုင်းတွေ့သဖြင့် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းနေကြောင်း မြို့ခံအချို့ကပြောသည်။
ယနေ့ နေ့လယ် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး တံတားဖြတ်သန်းသွားလာခွင့်ပိတ်ကာ မိုင်းရှင်းလင်းနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“အခုထိတော့ ဖြတ်လို့မရသေးဘူး” ဟု မျက်မြင်တွေ့သည့် မြို့ခံတစ်ဦးက ယနေ့နေလယ် ၁၂ နာရီကပြောဆိုသည်။
ရေဖြူမြို့ပေါ်တွင် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က နေ့ရောညပါ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီခန့်တွင် ရေဖြူမြို့မဈေးအနီးတွင် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး၊ ည ဦးပိုင်း ၈ နာရီခန့်ကလည်း ရေဖြူမြို့မှ ပုဂေါဇွန်းကျေးရွာသို့သွားသည့် လမ်းကွေ့တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။
ည ၈ နာရီခန့်က ပေါက်ကွဲသံတစ်ချက်ကြားရပြီးနောက် သေနတ်ပစ်သံများဆက်တိုက် ကြားရကြောင်း မြို့ခံအချို့ကပြောဆိုကြသည်။