BREAKING
January 11, 2025

စပါးရိတ်ချိန် တောင်သူတွေ ဘာကြုံနေရလဲ

December 4, 2024

သွင်းအားစုစျေးကြီးနေသလို ပဋိပက္ခတွေကြောင့် ဘေးအန္တရာယ်မျိုးစုံကြားတွင် ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ကြရသည့် စပါးများရင့်မှည့်လာသဖြင့် ရိတ်သိမ်းချိန်ရောက်လာပြီဖြစ်သည်။

သို့သော် တနင်္သာရီတိုင်းမှ တောင်သူများမှာ စပါရိတ်သိမ်းချိန် ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် သောကရောက်နေကြရသည်။

အချို့ဒေသများတွင် ရာသီဥတုနှင့် ပိုးဖျက်သဖြင့် စပါးအထွက်နည်းနေသလို ဒေသအချို့တွင်တော့ နယ်မြေမအေးချမ်းမှုကြောင့် လယ်ထဲဆင်းစပါးရိတ်ရန် ခက်ခဲနေကြသည်။

အချို့ဒေသများတွင်တော့ လတ်တလော နယ်မြေအေးချမ်းသဖြင့် စပါးရိတ်သိမ်းနိုင်ကြသော်လည်း သိုလှောင်ရေး အခက်အခဲ ကြုံကြရပြန်သည်။

သိုလှောင်ထားပါက စစ်ကြောင်းဝင်ချိန်နှင့်တိုးလျှင် မီးရှို့ဖျက်ဆီးခံရသည်မျိုး ကြုံနိုင်သလို ယူဆောင်သွားမည့် ဘေးကလည်း ရှိနေသည်။

ယင်းကြောင့် တောင်သူများမှာ စပါးမလှောင်ရဲကြသဖြင့် ထုတ်ရောင်းမည်ဆိုပါကလည်း စပါးစျေးကောင်း မရနိုင်မည့် အခြေအနေရှိနေသည်။

ယင်းကြောင့် တနင်္သာရီတိုင်းအတွင်းမှ လယ်စိုက်တောင်သူများ စပါးရိတ်သိမ်းချိန် ကြုံတွေ့နေရသည့် အခြေအနေများကို သိရှိစေရန် မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ်တွင် ဖော်ပြပေးလိုက်ပါသည်။

“ဦးတို့ရွာမှာက လယ်လုပ်တဲ့သူမရှိသလောက်ဖြစ်သွားပြီ။ လယ်ပစ်တွေများတယ်”

လယ်သမားတစ်ဦး မောင်မယ်ရှောင်ကျေးရွာ၊ ထားဝယ်မြို့နယ်

( မောင်မယ်ရှောင်ကျေးရွာမှာ ထားဝယ်မြို့နှင့် ၇ မိုင်ခန့်အကွာ နာမည်ကြီးရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲစေတီတည်ရှိရာ ကျေးရွာဖြစ်ပြီး လက်ရှိတွင် မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။ လူမရှိသည့် ရွာထဲတွင် စစ်ကောင်စီတပ်က နေအိမ်များကို မကြာခဏမီးရှို့ဖျက်ဆီးလေ့ရှိသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ကပင် ထားဝယ်မြို့နှင့် မောင်မယ်ရှောင်ရွာကြားက လမ်းပိုင်းတစ်နေရာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သေးသည်)

DW ။ အခုစပါးပေါ်တဲ့အချိန် ဦးတို့ရွာဖက်မှာ စပါးရိတ်နေကြပြီလား။

ဖြေ ။ ဦးတို့ရွာမှာက လယ်လုပ်တဲ့သူမရှိသလောက်ဖြစ်သွားပြီ။ လယ်ပစ်တွေများတယ်။ ဦးကတော့ဒီနှစ်မိုးတုန်းက ဆင်းလုပ်ထားတာနည်းးနည်းရှိနေတယ်။ ရှိတယ်ဆိုတာကလည်း တစ်ဝက်ပဲလုပ်နိုင်တော့တယ်။ ၇ ဧကကျော်ကျော်ကို အခု ၄ ဧကလောက်လုပ်ထားတယ်။ အခုအဲဒါစပါးရိတ်နေတာ တစ်ဝက်ပဲရသေးတယ်။ ကျန်တစ်ဝက်ကရိတ်မရသေးဘူး။ သူများတွေလည်း ရိတ်တဲ့သူလည်းရိတ်၊ ပစ်ထားတဲ့သူလည်းပစ်ထား မျိုးစုံဖြစ်နေကြတာ။

DW ။ ဘာဖြစ်လို့ တစ်ဝက်တစ်ပျက်ပဲ ရိတ်သေးတာလဲ။

ဖြေ ။ ဘာဖြစ်လို့လဲဆို စပါးရိတ်စက်ငှားမရတော့လို့။ ဟိုးတုန်းက တိုက်ပွဲတွေခဏအေးနေတုန်း ဆင်းရိတ်တာ တစ်ဝက်ပဲပြီးတယ်။ ပြန်ပြေးလာလိုက်ရတယ်။ ကျန်တဲ့တစ်ဝက်ကတော့ စပါး(အသီး)တွေ မကြွေကျခင် စပါးရိတ်စက်က လာရိတ်ပေးဖို့ရဲရင်တော့ ရိတ်ရမယ်။ မရဲရင်တော့ ပစ်လိုက်ရတော့မယ်။ စပါးရိတ်သွားတာတောင် လယ်ထဲပဲရောက်တာ။ ရွာထဲမဝင်ရဲဘူး။ ရွာထဲမရောက်တာတောင် ၇ လလောက်ရှိနေပြီ။

( အင်တာဗျူးဖြေဆိုသူမှာ ထားဝယ်မြို့ပေါ်တွင် စစ်ဘေးရှောင်ရင်း လယ်ထဲသို့ တိုက်ပွဲမဖြစ်ချိန်များတွင် သွားပြီးစပါးရိတ်သိမ်းနေရသည်။ သို့သော် စပါးရိတ်စက်များကို အလွယ်တကူငှားရမ်းမရသဖြင့် အခက်တွေ့နေသည်)

DW ။ ကိုယ့်လယ်ထဲက စပါးကိုတောင်မှ အေးအေးဆေးဆေး ရိတ်သိမ်းခွင့်မရှိတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ဒါကတော့ အခြေအနေအမျိုးမျိုးကြောင့်ပေါ့ လို့ပဲ‌ပြောရမှာပေါ့။ အခုခေတ်မှာက လယ်သမားလည်း စိတ်ဖြောင့်ဖြောင့် မနေရတဲ့ဘဝရောက်သွားပြီလေ။ ဦးတို့လည်းအသက်ကြီးနေပြီ ဘာအပြစ်မှလည်း လုပ်ထားတဲ့သူတွေ မဟုတ်ဘဲနဲ့ကို ပြေးနေလွှားနေရတယ်။ ဖြစ်နိုင်ရင်တော့ အေးဆေးနေချင်တာပေါ့။ ဦးတို့မှာ လုပ်စားစရာလယ်လေးပဲရှိတာ။ အခုအဲဒါမလုပ်နိုင်ဘဲနဲ့ မြို့မှာလာနေနေရတာ။ ဦးကလည်းအရင်လို ကျန်းမာရေး မ‌ကောင်းတော့ဘူးလေ။

DW ။ ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

‌(မောင်မယ်ရှောင်ကျေးရွာနှင့် အနီးအနားကျေးရွာများမှာ မိုးစပါးအပြင်၊ နွေစပါးကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ အချို့ကမူ စပါးရိတ်သိမ်းပြီးပါက ရာသီပေါ်သီးပင်များ စိုက်ပျိုးလုပ်ကိုင်ကြသည်)

“(ရိတ်တဲ့)လူမနိုင်လို့ စပါးတွေမှည့်ချိန်လွန်ပြီး ဆုံးရှုံးကုန်တယ်”

ပုလောမြို့နယ်မှ လယ်သမားတစ်ဦး

DW ။ ဒီနှစ်စပါးပေါက်ဈေး အခြေအနေလေး ပြောပြပေးပါဗျ။

ဖြေ ။ စပါးဈေးကတော့ အခုလောလောဆယ် ဈေးအတိအကျမရှိဘူး။ ဈေးအမှန်လည်းမရှိဘူးဖြစ်‌ နေတာပါ။ အမှန်အတိုင်းပြောရရင် ကျွန်မတို့လယ်တွေရှိတဲ့ကွင်းတစ်ကျောမှာဆိုရင် အရောင်းအဝယ်တောင် မရှိဘူးဖြစ်နေတယ်။ စပါးဈေးကတော့ စပါးကြမ်းတစ်တင်းကို တစ်သောင်းခြောက်ထောင်နဲ့ တစ်သောင်းခုနှစ်ထောင် ပေါက်နေတယ်လို့ ကြားရတယ်။

DW ။ ဒီနှစ်စပါးအထွက်နှုန်းနဲ့‌ ပေါက်ဈေးနှုန်း ကမနှစ်ကအခြေအနေနဲ့ ဘယ်လိုရှိနေလဲ။

ဖြေ ။ အရင်နှစ်ကထက် ဒီနှစ်စပါးအထွက်တိုးတယ်ပြောရမယ်။ အရင်နှစ်က ပိုးကျလို့သိပ်အဆင်မပြေဘူး။ ဒီနှစ်တော့အကုန်အောင်တယ် ပြောလို့ရတယ်။
ပေါက်ဈေးကတော့ မနှစ်ကထက်နည်းတာပေါ့။ မနှစ်ကစပါးကြမ်းတစ်တင်းကို တစ်သောင်းရှစ်ထောင်၊ စပါးချောတစ်တင်းကို နှစ်သောင်းနှစ်ထောင်(ကျပ်)ရတယ်ရှင်။ ကားကြီးနဲ့ကွင်းထဲအထိ လာဝယ်တယ်လေ။ ဒီနှစ်ကတော့အဝယ်‌တော်က ကွင်းထဲမှာစပါးကြမ်းတစ်တင်းကို (ကျပ်) တသောင်းခြောက်ထောင်ပေးမယ်လို့ သတင်းလွှင့်‌နေတယ်။ အခုထက်ထိ ရောက်မလာသေးဘူး။

DW ။ အခု ပုလောနယ်မှာ စပါးတွေရိတ်သိမ်းလို့ ပြီးနေကြပြီလားဗျ။

ဖြေ ။ စပါးကတော့ရိတ်‌နေကြပါပြီ။ ကျွန်မတို့အုပ်စုမှာဆိုရင် ရိတ်သိမ်းပြီးလို့ စပါးခြွေတဲ့စက်နဲ့ခြွေတဲ့ အဆင့်ရောက်နေပြီ။

DW ။ အခုနှစ်မှာ စပါးရိတ်သိမ်းတာနဲ့ပတ်သက်ပြီး တောင်သူတွေ ဘာအခက်အခဲတွေ ကြုံရသလဲဗျ။

ဖြေ ။ လယ်စလုပ်တဲ့အချိန်ကနေ ရိတ်တဲ့အချိန်အထိ အခက်အခဲကရှိတယ်။ အခက်အခဲများတာကတော့ ပြောမနေနဲ့တော့(ရယ်လျက်)။ စပါးရိတ်တဲ့အချိန်ကပိုခက်ခဲတယ်။ တိုက်ပွဲ‌တွေကြောင့်ရွာထဲမှာနေမရလို့ ဓနိတောထဲ တဲထိုးပြီး လယ်ထဲကရေပဲချိုး၊ အဲဒီကရေတွေပဲသုံးစွဲပြီးတော့ သောက်ရေကရွာမှာတက်ပြီးတော့ ခပ်ရတာပါ။ တစ်ရွာလုံးလယ်ထဲ တဲကိုယ်စီထိုးပြီး ရိတ်ကြရတယ်။

ရွာထဲမှာနေပြီး မလုပ်ရတာအခက်ခဲဆုံးပါပဲ။ နယ်မြေမအေးချမ်းတော့ အလွယ်တကူသွားလာလို့မရတာ။ အခြေအနေ အချိန်အခါကြည့်နေရလို့ အိမ်မပြန်တော့ဘဲ လယ်ထဲမှာပဲနေပြီးလုပ်ကြရတယ်။

ဒီနှစ်ကတိုက်ပွဲတွေကြောင့် စပါးရိတ်စက်မလာလို့ လူနဲ့ရိတ်ရတယ်။ အလုပ်သမားကလည်း ရှားပါးတာရယ် အခုချိန်ထိစပါးရိတ်မပြီးသေးတဲ့ လယ်တွေရှိသေးတယ်။ လူမနိုင်လို့ စပါးတွေမှည့်ချိန်လွန်ပြီး ဆုံးရှုံးကုန်တယ်။

DW ။ တိုက်ပွဲတွေ ဖြစ်နေတော့ စပါးခြွေစက်တွေကရော ကွင်းထဲဘယ်လိုလာကြလဲဗျ။

ဖြေ ။ ရွာထဲမှာလူသာနေမရတာ။ ဖြတ်သန်းသွားလို့ရနေတယ်ဆိုတော့ ရွာထဲကစက်တွေကို လယ်ကွင်းထဲ ယူချထားပြီး အဆင်ပြေတဲ့နေရာတွေထားပြီး တစ်လှည့်စီလိုက်ခြွေနေတယ်။

DW ။ အခုဆိုရင်ရိတ်သိမ်းပြီးတဲ့ စပါးတွေကို ဘယ်လိုသိုလှောင်ထားလဲဗျ။

ဖြေ ။ ရိတ်ပြီးတဲ့စပါးတွေအတွက် လယ်သမားတွေ တော်တော်စိတ်ညစ်နေရတာပေါ့။ ကျွန်မတို့ရွာတွေက လူနေမရလို့ အိမ်မှာထားလို့မရဘူး။ ကိုယ်တိုင်တောင်မှ ပုလောမြို့ထဲမှာ အိမ်ဌားပြီးမိသားစုကို ထားထားရတဲ့အချိန်မှာ အခုချိန်ထိသိုလှောင်ရမယ့် နေရာမရှိသေးဘူး။ အခုခြွေထားတဲ့စပါးအိတ်တွေ အကုန်လမ်းဘေးမှာစီထားရတယ်။ တစ်နှစ်စာအိမ်အတွက် စားမဲ့စပါးကိုဘယ်မှာသိုလှောင်မယ်။ ပိုတဲ့စပါးကိုဘယ်သူလာဝယ်မယ်ဆိုတာ အခုထိမသိဘူးဖြစ်နေတယ်။

ပုလောမြို့ထဲမှာတော့ စပါးအဝယ်ရှိနေတယ်။ တောကွင်းမှာ ဝယ်တော်(အရောင်းအဝယ်သမား) တွေကလာတောင်မဝယ်ကြဘူး။ ကျွန်မတို့ကစားဝတ်နေရေးအတွက် လုပ်တာဖြစ်တဲ့အတွက် ၁၀၀ ရရင် ၅၀စားမယ်၊ ၅၀ရောင်းမယ်ပေါ့။ အခုကရောင်းမယ့် ၅၀ ကို ဝယ်သမားမရှိလို့ခက်ခဲနေရတာပါ။

ကျွန်မတို့မှာအဆက်အသွယ်လည်းမရှိဘူး။ အခုအခြေအနေနဲ့ ကျွန်မတို့ကွင်းထဲမှာ စပါးဝယ်သမားပေါ်လာပါစေလို့ ဆုတောင်းနေရတယ်။ ကျန်တာကိုဘာမှမလုပ်နိုင်ဘူးလေ (ရယ်လျက်)။ စပါးဝယ်သမားပဲမျှော်နေရတယ်။

“ဒီစပါးတွေကို အခုချိန် ရောင်းလည်းမရောင်းချင်း‌သေးဘူး။ လက်ထဲမှာလည်း မထားရဲဘဲဖြစ်‌နေတယ်”

ဦးဟန်ဝင်း လယ်သမား၊ လောင်းလုံးမြို့နယ်

DW ။ အခုစပါးပေါ်တဲ့အချိန် ဦးတို့ရွာဖက်မှာ စပါးရိတ်နေကြပြီလား။

ဖြေ ။ သူများတွေတော့ ရိတ်ပြီးနေကြပြီ။ လမ်းနဲ့နီးသူတွေပြီးကုန်ကြပြီ။ ငါ့မှာကတော့ လမ်းနဲ့ဝေးလို့ မရိတ်ရသေးဘူး။

DW ။ ဒီနှစ်စပါးရိတ်ချိန် ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ အခက်အခဲကတော့ စပါးတွေအရင်လို လိုက်အပ်လို့မရဘဲဖြစ်နေတယ်။ (စပါးအဝယ်ဒိုင်တွေက) လက်ခံပေးလို့မရဲကြတော့ဘူး။ သူတို့လည်း စစ်ကြောင်းထိုးမှာကြောက်လို့နေမှာပေါ့။ စစ်ကြောင်းထိုးရင် အကုန်ပြေးရတာဆိုတော့ လူမရှိတဲ့အချိန် မီးရှို့ခံရမှာနဲ့၊ သူခိုးခိုးမှာနဲ့ကို ပူပန်နေရတယ်လေ။ အဲဒါကြောင့်လက်မခံရဲကြတာပေါ့။ ငါတို့လည်းကိုယ်ချင်းစာပါတယ်။ ကိုယ့်အိမ်ကစပါးကိုတောင် မထားရဲဘဲဖြစ်နေတာ။ သူတို့ဆိုပိုဆိုးတာပေါ့။ သူတို့မှာက စပါးပိုများတယ်လေ။

( ယခင်ကမူ စပါးအဝယ်ဒိုင်များက လယ်သမားများ၏ စပါးများကို ကျီထဲတွင်သိမ်းထားပေးပြီး ကြိုက်သည့်အချိန် ပေါက်ဈေးဖြင့် ဈေးဖြတ်ယူနိုင်ကြသည်။ လက်ရှိတွင်မူ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပါက မီးရှို့ဖျက်ဆီးခံရမည်ကို စိုးရိမ်ကြသဖြင့် အများစုက စပါးကြိုတင်လက်ခံခြင်း မပြုကြတော့ပေ။ လက်ခံသူအနည်းစုရှိသေးသော်လည်း ပမာဏများများစားစား လက်ခံခြင်းမရှိတော့ပေ)

DW ။ လက်မခံပေးရင် ကိုယ့်အိမ်မှာကိုယ်သိမ်းထား ဒါမှမဟုတ် ရောင်းပစ်လိုက်လို့မရဘူးလား။

ဖြေ ။ အဲဒါပြောတာပေါ့။ ငါတို့လည်း စစ်ကြောင်းထိုးရင် ပြေးနေရတဲ့သူတွေပဲဆိုတော့ ကိုယ့်အိမ်မှာထားလည်း စိတ်မချဘဲဖြစ်နေတာပေါ့။ ခုနကပြောသလို ရောင်းပစ်မယ်ဆိုရင်တော့ ရတာပေါ့။ ဒါပေမဲ့ အခုကစပါးဈေးတွေကကျနေတော့ မရောင်းချင်သေးဘူး။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဆုပ်လည်းစူး စားလည်းရူးဆိုသလိုပါပဲ။ ဒီစပါးတွေကို အခုချိန် ရောင်းလည်းမရောင်းချင်း‌သေးဘူး။ လက်ထဲမှာလည်း မထားရဲဘဲဖြစ်‌နေတယ်။ နောက်နှစ်လောက်အထိစောင့်နိုင်ရင် ဈေးကောင်းရမှာဆိုတော့လေ။

( လက်ရှိစပါးဈေးမှာ စပါးကြမ်းတစ်တင်း ၁၆၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည်တစ်တင်းလျှင် ၂၀၀၀၀ ကျပ်ဝန်းကျင်၊ ထားဝယ်ပေါ်ဆန်းတစ်တင်းလျှင် ၂၈၀၀၀ ဝန်းကျင်ဈေးပေါက်နေပြီး ပြီးခဲ့သည့် ဇွန်ကဈေးနှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့် ဈေးကျဆင်းနေသည်။)

DW ။ ရောင်းမယ်ဆိုရင်ကော ဝယ်တဲ့သူရှိရဲ့လား။ အခုက စပါးရောင်းတဲ့သူများနေတာဆိုတော့။

DW ။ သူတို့ခေါ်တဲ့ဈေး၊ သူတို့တင်းတောင်းနဲ့ သူတို့လာချင်တွယ်မယ်ဆိုရင်တော့ တလင်းထဲအထိ လိုက်ဝယ်တဲ့သူရှိပါတယ်။ လူတွေက စပါးဈေးကကျတဲ့အထဲ တင်းတောင်းအရွယ်အစားကပါ ကြီးနေတာဆိုတော့ အင်တင်တင်ဖြစ်နေကြတာများတယ်။ သူတို့( စပါးဝယ်သူများ) ပြောတာကတော့ သူတို့က တင်းတောင်းနဲ့မဟုတ်လည်း ပေါင်နဲ့ကိုက်ပြီးဝယ်တာလို့ပြောတယ်။ သူတို့ယူလာတဲ့ တင်းတောင်းတွေက ပေါင်ကိုက်တယ်ပေါ့နော်။ အဲလိုပြောကြတယ်။ ငါတို့ကတော့ သူတို့ယူလာတဲ့တင်းတောင်းက အရမ်းကြီးနေတာလို့ထင်တယ်လေ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ ။ အဓိကအခုလိုမျိုးဖြစ်နေတာတွေက စစ်ကြောင်းထိုးနေလို့ပေါ့လေ။ စစ်ကြောင်းမရှိရင် အဲလိုတွေဖြစ်မှာမဟုတ်ဘူး။ မနှစ်ကဆိုလည်း စပါးရိတ်ချိန်ကြီး စစ်ကြောင်းထိုးလို့ ပြေးရသေးတယ်။ တစ်ချို့ဆို စပါးသယ်ရင်းနဲ့ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံကြရသေးတာ။

‌DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အခုလိုပိုးကျတဲ့နှစ်ဆို တချို့ဆို သုံးပုံတစ်ပုံ ၊ တချို့လည်း ငါးပုံတစ်ပုံလောက်အထိ အထွက်နည်းသွားကြတယ်”

ရေဖြူမြို့နယ် ၊ ဖောင်းတောကျေးရွာအုပ်စုက လယ်သမားတစ်ဦး

DW ။ အခု နှစ် စပါးရိတ်သိမ်းတဲ့ အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ အခုနှစ် အထွက်နည်းတယ်လေ ။ ဒီမှာ(ကံပေါက်တိုက်နယ်၊ ဖောင်းတောအုပ်စုမှာ) လယ်ပိုင်ရှင်တွေ အကုန်ညည်းနေကြတာပဲ ။

DW ။ ဘာလို့ ဒီနှစ်အထွက်နည်းတာလဲ ။

ဖြေ ။ ဒီနှစ် စပါးမရိတ်ခင် ပိုးကျတယ်။ ပြီးတော့ ပွင့်လင်းရာသီ အစ စပါးရိတ်ခါနီးမှာ မိုးတစ်ခါထပ်မိပြီး စပါးရေမြုပ်ကြတယ်။

DW ။ ဆုံးရှုံးမှုက ဘယ်လောက်ရှိလဲ ။

ဖြေ ။ လယ်ဧကများများရှိတဲ့လူက များများရှုံးတာပေါ့။ အခုလိုပိုးကျတဲ့နှစ်ဆို တချို့ဆို သုံးပုံတစ်ပုံ ၊ တချို့လည်း ငါးပုံတစ်ပုံလောက်အထိ အထွက်နည်းသွားကြတယ်။

DW ။ စပါး ပိုးကျတာက ဒေသတစ်ခုလုံးလား။

ဖြေ ။ ကံပေါက်တိုက်နယ် အနေနဲ့ ပြောရရင် ဖောင်းတော အုပ်စုတစ်ခုလုံးက လယ်တွေအကုန်ကျပိုးကျတယ်။ ဇာဒီဘက်ကတော့ ပိုးကျနည်းတယ်။ ပိုးမကျတဲ့လယ်တွေလည်းရှိတယ်။ အများစု စပါးဖျက်ပိုးထိသွားတာ။

DW ။ အရင်ကရော စပါးပိုးကျတာကြုံဖူးလား။ ဘယ်လို ဖြေရှင်းကြလဲ။ စိုက်ပျိုးရေးဌာနတွေဆီကရော အကြံဉာဏ်ရလား ၊ အကူအညီရလား ။

ဖြေ ။ စပါးပိုးကျတဲ့ နှစ်တွေ တစ်နှစ်တလေ ရှိဖူးတယ် ။ စပါးစေ့ရင့်မှ ပိုးကျရင် အဆုံးအရှုံးနည်းတယ် ။ အခုနှစ်က စပါးပင်နုတုန်းကတည်းက ပိုးကျသွားတယ် ။ ဒေသအခေါ်ကတော့ စပါးဘုန်းကြီးဖြစ်တယ်လို့ခေါ်တာပေါ့ ။ အပင်တွေအချိန်မတန်ဘဲ ဝါသွားတာ ။ ပြီးတော့ ရိတ်ခါနီး ရေလည်းမြုပ်သေးတော့ပိုဆိုးသွားတယ် ။ စပါးပိုးကျရင် အရင်ကတော့ ရိုးရာနည်းနဲ့ပဲ စပ်ဆေးတွေသုံးပြီးလုပ်ကြတယ် ။ အဲလိုစပ်ဆေးနည်းသိတဲ့လူတွေလည်း မရှိကြတော့ဘူး ။ အခုကတော့ ဖြန်းဆေးတွေ ၊ ပိုးသတ်ဆေးတွေ အမျိုးမျိုးရှိတယ် ။ ဒါပေမဲ့ စိုက်ပျိုးရေးက တစ်ပိုင်တစ်နိုင်ပဲဆိုတော့ အစိုးရဌာနတွေရော ၊ ကုမ္ပဏီတွေရောက အသိပညာ ၊ အကြံဉာဏ်လာပေးတာမျိုးမရှိတော့ သုံးစွဲဖို့ အတွက် ဘယ်လိုလုပ်ရမှန်းမသိကြတာပါ ။ ဒါပေမဲ့ ရတနာလူမှုစီးပွား(Total နှင့် PTTEPI တို့၏ CSR Program) ကတော့ စပါးပိုးကျနေတဲ့အချိန်မှ အသိပညာပေးတာမျိုးလာလုပ်ပေးတယ် ။ အခုနှစ်အတွက်တော့ အချိန်မမီတော့ဘူးပေါ့ ။ နောက်နှစ်အတွက်တော့ ပြင်ဆင်လို့ရသွားတယ် ။

DW ။ စပါးစျေးကရော ဘယ်လိုရှိလဲ ။ တွက်ချေကိုက်လား ။

ဖြေ ။ စပါးစျေးကောင်းနေတယ် ။ အခုစထွက်တာနဲ့ အခုလက်ရှိအထိ (ကျပ်) သုံးသောင်းစျေး ပေါက်နေတယ် ။ ဒါပေမဲ့ အထွက်နည်းတော့ စျေးကောင်းလည်း ရောင်းမယ့် စပါးလက်ထဲနည်းနေတာပေါ့ ။ စပါးတွေ အခုရိတ်ပြီးလို့ များများထွက်လာရင်တော့ စျေးတစ်မျိုးထပ်ဖြစ်သွားမယ်ထင်တယ် အဲဒါကတော့ ပြောမရသေးဘူး။

DW ။ အခြားအခက်အခဲရော ဘာရှိသေးလဲ ။

ဖြေ ။ လုပ်သမားနည်းတာပါပဲ ။ အရင်ကနှစ်ယောက်မျှလုပ်တဲ့ လယ်တစ်ကွက် အခုတစ်ယောက်တည်း လုပ်နေရတယ် ။ စစ်မှုထမ်း ကြေညာလိုက်ကတည်းက ရွာမှာလူနည်းသွားတယ် ။ အရင်ကဆို လယ်ထဲဆင်းချိန်ရွာထဲမှာ လူကျန်ခဲ့သေးတယ် ။ အခုနှစ်ကတော့ အိမ်မှာကျန်တဲ့လူအကုန် လယ်ထဲဆင်းရတဲ့နှစ်ပဲ ။ ဒီဒေသမှာက ကိုယ့်ဒေသစားဖို့ပဲ အဓိကစိုက်တာဆိုတော့ လယ်လုပ်တာရော ၊ စပါးရိတ်တာရော လူနဲ့ပဲလုပ်တယ် ။ စက်အသုံးနည်းတယ် ။ အဲဒါဆိုတော့ လယ်လုပ်တဲ့သူနည်းနေတာကို ပိုသိသာသွားတာပေါ့ ။ အခုနှစ်ကတော့ အထွက်နည်းတာနဲ့ လုပ်သမားရှားတာပါပဲ ကျန်တဲ့အခက်အခဲ ကမရှိသလောက်ပါပဲ ။

DW ။ ဖြည့်စွက်ပြောလိုတာပြောပေးပါ။

ဖြေ ။ ပြောစရာမရှိတော့ပါဘူး ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။