ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ခဲ့သည့်ကာလအတွင်း အရပ်သားသုံးဦးပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။
သဗြေဇွန်းရွာသား အသက် ၄၀အရွယ်ဦးကြည်စိုးသည် နိုဝင်ဘာလ ၂၃ရက်က နဘုလယ်ဒေသ (ရေနက်ဆိပ်ကမ်း) မှ ဆိုင်ကယ် ဖြင့်ထွက်လာစဉ် စစ်ကောင်စီတပ်နှင့်တိုးပြီး ရလိုင်ရွာစာသင်ကျောင်းအနီးပစ်သတ်ခံရကြောင်း ဒေသခံအချို့က ဆိုသည်။
နိုဝင်ဘာလ ၂၄ရက်တွင် ကျောက်ဝှက်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားချိန် ထွက်ပြေးတိမ်းရှောင်ရန် ဆိုင်ကယ်ဖြင့်ထွက်လာ သည့် အသက် ၇၆ နှစ်ခန့်ရှိ ဦးဥာဏ်ရှိန်လည်း စစ်ကောင်စီတပ်နှင့်တိုးပြီး ပစ်သတ်ခံရကြောင်း ကျောက်ဝှက်ကုန်း ရွာသား ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ယင်းနေ့က ဦးဉာဏ်ရှိန်နှင့်အတူ စစ်ကြောင်း၏ ဖမ်းဆီးခြင်းခံရသူ ဒေသခံအခြားငါးဦးရှိခဲ့ပြီး ၎င်းတို့ကိုမူ ယနေ့ ဒီဇင်ဘာလ ၄ရက် နံနက်ပိုင်းတွင် စစ်ကြောင်း ရေဖြူမြို့ဘက်သို့ ထွက်ခွာချိန် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင်ကျောက်ဝှက်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးရှိဥယျာဉ်ခြံတစ်ခု၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသား အလောင်း တစ်လောင်းကိုလည်း ဒီဇင်ဘာလ ၃ရက်တွင်တွေ့ရှိသဖြင့် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
အဆိုပါအမျိုးသားမှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးနေပြီး မျက်နှာတစ်ခုလုံး ညိုမည်းနေသဖြင့် သေဆုံးနေသည်မှာ ၁၀ ရက်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း ကျောက်ဝှက်ကုန်းရွာက ဒေသခံအမျိုးသားက ဆိုသည်။
“အလောင်းက မျက်နှာတော့ လုံးဝကို ဘယ်သူဘယ်ဝါဆိုတာ ကြည့်လို့မရတော့ဘူး။ ဘယ်ရွာကဆိုတာလဲ မသိဘူး။ ပြန်လွတ်လာသူတွေ ပြောစကားအရ ဦးဥာဏ်ရှိန်နဲ့ တစ်နေ့တည်း ပစ်သတ်ခံရတဲ့သူတစ်ယောက်ရှိသေးတယ်လို့ပြောတယ်။ အဲဒါလည်း ရှာလို့ မတွေ့သေးဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။
ကျောက်ဝှက်ကုန်းရွာတွင် နေအိမ်တစ်လုံးလည်း လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်က ထားဝယ်မြို့ ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားရှိ ထားဝယ်လေဆိပ်ပြေးလမ်းထိပ်က အရက်ချက်စက်ရုံအနီးတွင် သုံးဘီးဖြင့် လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံခဲ့ရသည်။
ယင်းနောက် စစ်ကောင်စီတပ်က လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့ကို နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာလ ၄ ရက် ယနေ့ နံနက်ပိုင်းအထိ ၁၆ ရက်ခန့်ကြာ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးနေသဖြင့် လောင်းလုံးမြို့နယ် ထိန်တွင်း၊ တောင်မင်းပြောင်၊ မြို့ဟောင်း၊ ဒေါင်းရှောင်ရွာများနှင့် ရေဖြူမြို့နယ် ပိန်းရှောင်၊ ကျောက်ဝှက်ကုန်း၊ ကျခတ္တပင်အင်း၊ သဗြေဇွန်း၊ ရလိုင်၊ ပုဂေါဇွန်း၊ သစ်တိုထောင့်၊ နတ်တွင်း၊ ဝဇွမ်းတော စသော ကျေးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်း ရေဖြူမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သဖြင့် ဒေသခံအချို့ နေရပ်ပြန်လာနေကြပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“ရွာတစ်ရွာမှာ ထက်ဝက်လောက်ကတော့ နေအိမ်တွေ ဖောက်ခံရတယ်။ ပစ္စည်းတွေ ယူဆောင်တာတွေရှိတယ်။ ပိုက်ဆံ ယူဆောင်တာတွေ ရှိတယ်လို့ ပြောတယ်” ဟု ကျောက်ဝှက်ကုန်းရွာက ဒေသခံအခြားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၁ ရက်ကလည်း လောင်းလုံးမြို့နယ် မြို့ဟောင်းရွာက ပန်းရံဆရာ ဦးကြည်ဝင်းနှင့် ကိုနောင်နောင်တို့ကို ပစ်သတ်ကာ တစ်ဦးကို မြေမြှုပ်ထားခဲ့ပြီး ကျန်တစ်ဦးကို ကောက်ရိုးများဖြင့် ဖုံးထားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကြောင်းထိုးချိန်ကာလအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လောင်းလုံးမြို့နယ်က အရပ်သားအမျိုးသားနှစ်ဦး၊ ရေဖြူမြို့နယ်က အမျိုးသားသုံးဦး စုစုပေါင်း အရပ်သားငါးဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။
ယင်းအပြင် အရပ်သားဆယ်ချီဖမ်းဆီးထိန်းသိမ်းခံရပြီး အမျိုးသားငါးဦးကို လူသားဒိုင်းသဖွယ် စစ်ကြောင်းသွားရာလမ်းတစ်လျောက် ခေါ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။