BREAKING
January 22, 2025

ထိုင်းရောက်မြန်မာလုပ်သားများထံမှ အခွန် ဘတ်သန်း ၅၀၀၀ ခန့်ကောက်ရန် စစ်ကောင်စီပြင်ဆင်ထား

December 4, 2024

ပုံစာ - သံရုံးကို ပေးရမည့် အခွန်ပမာဏကို ယနေ့ဆွေးနွေးနေစဉ်။

အလုပ်လုပ်ခွင့်လက်မှတ်(work permit) သက်တမ်းတိုးချိန်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများ ထံမှ အခွန် ဘတ်သန်း ၅၀၀၀ ခန့်ရရှိစေရန် စစ်ကောင်စီ၏ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက စီစဉ်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးခြင်း၊ ပန်းရောင်ဘတ်အသစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ (ဒီဇင်ဘာ ၄) ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ မပါဝင်သည့် ယင်းဆွေးနွေးပွဲတွင် ထိုင်းလုပ်ငန်းရှင်များ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနှင့်မြန်မာအလုပ်သမား ကူညီရေးအသင်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် MoU စနစ်ဖြင့် သက်တမ်းတိုးမည့် မြန်မာအလုပ်သမားအရေအတွက် နှစ်သန်းကျော်ရှိပြီး မြန်မာစစ်ကောင်စီထံသို့ ပေးရမည့်အခွန်ငွေ ဘတ်သန်း ၅၀၀၀ ခန့်အထိရှိနေသည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ MoU နဲ့ သက်တမ်းတိုးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးနေကြတယ်။ ဒီအခွန်ဆောင်ရမယ့်ကိစ္စကို ကြီးကြီးမားမား ဆွေးနွေးနေကြတာ” ဟု လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေ‌သော ထိုင်းနိုင်ငံသားတစ်ဦးက ဆိုသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်ဆုံးမည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးရန် ထိုင်းအစိုးရက ပြီးခဲ့သော စက်တင်ဘာလကတည်းက ထုတ်ပြန်ထားသည်။

MoU လုပ်ငန်းစဉ်အရ အလုပ်သမားတစ်ဦးချင်း တစ်လစာ ဘတ် ၁၅၀ နှုန်းဖြင့် သံရုံးထံ အခွန်ပေးဆောင်ရမည်ဟု စစ်ကောင်စီဘက်က ပြီးခဲ့သော ရက်ပိုင်းများတွင် ပြောဆိုထားကြောင်း အကျိုးဆောင်များထံမှ သိရသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ဖြင့် သက်တမ်းတိုးမည့် မြန်မာအလုပ်သမားများသည် ယခင်က ၆ လစာ အခွန်ဆောင်ပြီးထားပါက နောက်ထပ် ၆ လစာ ဘတ် ၉၀၀ အခွန်ဆောင်ရမည်ဖြစ်သည်။

အခွန်မဆောင်ဖူးသေးသော မြန်မာအလုပ်သမားများသည် အခွန် ၁၂ လစာ ဘတ် ၁၈၀၀ မှ သက်တမ်းတိုးသော လအလိုက် အခွန် ၁၄ လစာ ဘတ် ၂၁၀၀ အထိ ပေးဆောင်ရမည်ဟု မြန်မာသံရုံးဘက်က သတ်မှတ်ထားကြောင်း မြန်မာအကျိုးဆောင်တစ်ဦးက ဆိုသည်။

“အရင်ကတော့ အခွန်က ပေးရမယ်လို့ သူတို့ပြောလာတယ်ပေါ့နော်။ အခုနောက်ပိုင်း မပေးရတော့ဘူးလို့လည်း (သံရုံးထဲက) ပြန်ပြောလာတာမျိုးတော့ ရှိတယ်။ တရားဝင်စာတော့ မထုတ်ပြန်သေးတော့ ဘာဆက်ဖြစ်မလဲမသိသေးဘူး” ဟု ဘန်ကောက်ရှိ အကျိုးဆောင်တစ်ဦးက ဆိုသည်။

သို့သော် လက်ရှိထုတ်ပြန်ထားသော အချက်အလက်များအရ အခွန်ပေးရမည်ဟု ပါရှိထားသဖြင့် ပေးဆောင်ရဖွယ်ရှိနေသည်။

ယင်းအခွန်အခြေအနေကို သိရှိနိုင်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိကို Dawei Watch က ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားပေးခဲ့ခြင်း မရှိပေ။

လက်ရှိတွင် MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်သည် အချိန်ကြာမြင့်၍ ငွေကုန်ကြေးကျများနေသဖြင့် ထိုင်းလုပ်ငန်းရှင်များကလည်း ကန့်ကွက်နေကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ယနေ့တွင် သက်တမ်းတိုးလုပ်ငန်းစဉ်အတွက် စစ်ကောင်စီထံ အခွန်မဆောင်ရေး၊ အဆင်ပြေချောမွေ့စွာ သက်တမ်းတိုးနိုင်ရေးကို ထိုင်းအလုပ်သမားဝန်ကြီးထံ မြန်မာအလုပ်သမား အဖွဲ့အစည်းများကလည်း စာပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး လှုပ်ရှားနေသူများထံမှ သိရသည်။