BREAKING
December 4, 2024

သရက်ချောင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားတစ်ဦးဒဏ်ရာရ

December 4, 2024

သရက်ချောင်းမြို့နယ်၊ ဆင်ကူး‌ကျေးရွာအနီး‌ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီး‌ဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဆင်ကူးရွာနှင့် သုံးဖာလုံခန့်ဝေးသည့်နေရာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ကျရောက်ပေါက်ကွဲစဉ် ဥယျာဉ်ခြံလုပ်ကိုင်နေသည့် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။

“ပစ်နေတာ ခုနစ်ချက်လောက် ကြားလိုက်တယ်။ လက်နက်ကြီး (အစ) စင်ပြီး ထိခိုက်သွားတာပါ။ လက်‌မောင်းမှာ ထိသွားတယ် နည်းနည်းပဲ။ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့တွင် စစ်ကောင်စီ၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ၄၀၃ နှင့် ၄၀၄ တပ်ရင်းတို့ အခြေစိုက်ထားသည်။

အဆိုပါတပ်ရင်းတို့သည် ယခင်က လေ့ကျင့်ရေးဟုဆိုကာ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ဖူးကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့ (စစ်ကောင်စီတပ်) က သင်တန်းသားတွေ လေ့ကျင်နေတာဖြစ်မယ်။ ဒါ့ကြောင့် ရမ်းသန်းပြီး လျှောက်ပစ်နေတာပါ။ တပ်ရင်းထဲမှာ လူသစ်တွေ သင်တန်းအမြဲပေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆင်ကူးရွာသည် သရက်ချောင်းမြို့ ပန်းတောရပ်ကွက်နှင့် ကပ်လျက်ရှိပြီး ထားဝယ်-မြိတ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိကာ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။