လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ ထားဝယ်မြို့သို့ သွားရောက်ခဲ့သည့် ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် အသက် ၂၀ ဝန်းကျင်အရွယ် မယုလှိုင်နှင်းနှင့် ၎င်း၏ ညီမဖြစ်သူတို့သည် ကိစ္စတစ်ခုဖြင့် ထားဝယ်မြို့သို့ ဆိုင်ကယ်ဖြင့်သွားပြီး မြို့ပေါ်တွင် ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။
ထားဝယ်မြို့ မြောင်းပုလဲစာသင်ကျောင်းအနီးရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် ၎င်းတို့ညီအစ်မနှစ်ဦး ရှိနေချိန် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးကြောင်း နီးစပ်သူတို့က ဆိုသည်။
“ယုလှိုင်နှင်းကတော့ ရွာမှာပဲနေတယ်။ သူ့ညီမလေးကတော့ မလေးရှားကနေ ပြန်လာတာ မကြာသေးဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူးရှင့်” ဟု ဝေဒီရွာသူတစ်ဦးက ပြောသည်။
လတ်တလောတွင် ၎င်းညီအစ်မနှစ်ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးပေ။
စစ်ကောင်စီတပ်သည် Facebook ကဲ့သို့သော လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ခြေရာခံပြီး သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးလေ့ရှိကြောင်း မြို့ခံအချို့က ပြောဆိုသည်။