သူတို့သမ္မတကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်ကိုရီးယားပြည်သူတွေ တောင်းဆိုနေကြပါပြီ။
မနေ့က အင်္ဂါနေ့ရဲ့ ညကြီးမင်းကြီးအချိန်မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။
ဒီလိုကြေညာအပြီးမှာတော့ တောင်ကိုရီးယားရဲ့ ညမှောင်မှောင်မှာ အာဏာလွန်ဆွဲမှုတွေ ၆ နာရီကြာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီနေ့ တောင်ကိုရီးယားစံတော်ချိန် မနက် ၄ နာရီခွဲမှာတော့ သမ္မတယွန်းက သူ ပူပူနွေးနွေး ကြေညာထားတဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်ရုတ်သိမ်းလိုက်ရပါတယ်။
အခုတော့ သမ္မတကို ရာထူးကနေဖယ်ရှားဖို့ ပြည်သူတွေကကော၊ နိုင်ငံရေးအစုအဖွဲ့ အသီးသီးကကော အင်တိုက်အားတိုက် လုပ်ဆောင်နေပါပြီ။
၆ နာရီကြာ အာဏာလွန်ဆွဲမှုတွေမှာ ဘာတွေဖြစ်ပေါ်ခဲ့တာလဲ။ ဘာကြောင့်ဒီလိုအခြေအနေအထိ ဆိုက်ရောက်ခဲ့တာပါလဲ။
စစ်အုပ်ချုပ်ရေးအမိန့်
ပြည်သူအများစု အိပ်စက်အနားယူချိန်၊ လွှတ်တော်အမတ်တွေ လွှတ်တော်ထဲမရှိတဲ့ညအချိန်မှာ တောင်ကိုးရီးယား သမ္မတက အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ တောင်ကိုရီးယားရဲ့ လစ်ဘရယ်ဒီမိုကရေစီကို နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေလက်ကနေ ကာကွယ်ဖို့ ၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ မရှိမဖြစ် အရေးပါတဲ့ အစီအမံတစ်ခုဖြစ်တယ်လို့ သမ္မတယွန်းက သူ့ရဲ့ အင်္ဂါနေ့ည ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
သမ္မတကြေညာခဲ့တဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေထဲမှာ အမိန့် ၆ ချက် ပါဝင်တယ်။ အဲဒီအမိန့် ၆ ချက်ထဲမှာ နိုင်ငံရေးအရ စုဝေးလှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေကို တားမြစ်ဖို့ ၊ လုပ်ကြံသတင်းမှားဖြန့်တာတွေကို တားမြစ်ဖို့ ၊ သပိတ်မှောက်ဆန္ဒပြပွဲတွေကို ပိတ်ပင်တားမြစ်ဖို့ ၊ နိုင်ငံအတွင်း မငြိမ်မသက်ဖြစ်စေမယ့် လူစုလူဝေးတွေကို တားမြစ်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
နိုင်ငံထဲက မီဒီယာတွေ အားလုံးကို အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေအောက်မှာ ထိန်းချုပ်လိုက်ပါတယ်။
သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့အတူ မရှေးမနှောင်းမှာပဲ ဆူလောင်ပြင်းထန်တဲ့ ရှုတ်ချဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့တယ်။ မြို့တော်ဆိုးလ်ရဲ့ လမ်းမတွေပေါ်မှာ နိုင်ငံသား ရာနဲ့ချီ ဆန္ဒပြခဲ့ကြတယ်။
“ယွန်းဆွတ်ယိုးလ်ကို ဖမ်းကြ”ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်နေခဲ့ကြတယ်။
အမတ်တွေ လွှတ်တော်ထဲဝင်ပြီ
သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်က မပယ်ဖျက်နိုင်ဖို့ လွှတ်တော်တံခါးတွေ ပိတ်ထားခဲ့ပြီး စစ်တပ်အစောင့်အရှောက်တွေ စီမံထားခဲ့ပါတယ်။
ပါလီမန်အဆောက်အအုံရဲ့ ခေါင်မိုးပေါ်မှာ တောင်ကိုရီးယားစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်နဲ့ ဟယ်လီကော်ပတာတွေ နေရာယူထားပေမယ့် အမတ် ၁၉၀ ယောက်ဟာ ပါလီမန်အဆောက်အအုံထဲကို ဝင်ရောက်နိုင်ခဲ့ကြပါတယ်။
လွှတ်တော်အမတ်တွေက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးဥပဒေကြေညာမှုကို ရုတ်သိမ်းပေးဖို့ မဲခွဲဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။
ပါလီမန်အမတ်တွေရဲ့ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်မှာ သမ္မတယွန်းဟာ သူ့ရဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို နာရီပိုင်းအတွင်း ပြန်ပြင်ဆင်လိုက်ရပါတော့တယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ စစ်တန်းလျားကို ပြန်သွားရမယ်၊ စစ်အုပ်ချုပ်ရေးဥပဒေကို ပယ်ဖျက်တယ်လို့ သမ္မတယွန်းဘက်က ကြေညာချက်ပြန်ထုတ်ခဲ့ရတယ်။
စစ်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းလိုက်တဲ့ ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်ဘက်ကလည်း ကြေညာခဲ့ပါတယ်။
ကြိုသတိပေးခဲ့တဲ့ သမ္မတခြေလှမ်း
အင်္ဂါနေ့ညရဲ့ စစ်အုပ်ချုပ်ရေးဥပဒေကြေညာမှုဟာ အနှစ်လေးဆယ်ကျော်အတွင်း ထူးထူးခြားခြား ဖြစ်ရပ်အနေနဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ်နိုင်ငံတွေကိုပါ တုန်လှုပ်သွားစေခဲ့တယ်။
မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံထဲမှာ သူ့တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးကို တပ်ချထားတဲ့ အမေရိကန်အစိုးရကလည်း ဆိုခဲ့ပါ စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိတယ်ဆိုတာ ထုတ်ပြောခဲ့တယ်။
စစ်အုပ်ချုပ်ရေးဥပဒေပြန်ပယ်ဖျက်လိုက်တဲ့အပေါ် စိတ်သက်သာရာရမိတယ်လို့ အမေရိကန်က ဖွင့်ဟတယ်။ လက်ရှိအခြေအနေကို တရားဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူ Catherine West က တောင်းဆိုခဲ့တယ်။
နိုင်ငံတကာကနေ စောင့်ကြည့်နေကြသူတွေအဖို့ အင်္ဂါနေ့ညဖြစ်စဉ်ဟာ ရုတ်တရက်ထဖြစ်ပေါ်လာတဲ့ အရာတစ်ခုလို့ ယူဆချင်စရာပါပဲ။
ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံထဲမှာတော့ အတိုက်အခံဒီမိုကရက်တစ်ပါတီဝင် အမတ်တစ်ဦးဖြစ်တဲ့ ကင်မင်းဆတ်ခ်က သမ္မတယွန်းဟာ စစ်အုပ်ချုပ်ရေးကြေညာဖို့ အားသွန်ခွန်စိုက် ပြင်ဆင်နေတယ်ဆိုတာကို မကြာသေးခင်လတွေကတည်းက သတိပေးထားခဲ့ဖူးပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ တန်ပြန်ထောက်လှမ်းရေး ၊ သတင်းအချက်အလက်စုဆောင်းရေး ၊ ကာကွယ်ရေးစတဲ့ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာ ရာထူးကြီးတွေမှာ သမ္မတယွန်းနဲ့ တစ်ကျောင်းတည်းဆင်းလာတဲ့ ပုဂ္ဂိုလ်တွေကို နေရာပေးလိုက်ပြီးကတည်းက စိုးရိမ်မှုတွေ ကြီးထွားလာနေခဲ့တယ်လို့ တောင်ကိုရီးယားအရေးလေ့လာသူတွေက ဆိုပါတယ်။
တကယ်လို့ တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးဥပဒေအသက်သွင်းတာမျိုး ဖြစ်ပေါ်လာခဲ့ရင် ဆိုခဲ့ပါ စစ်ဘက်ပုဂ္ဂိုလ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ကင်မင်းဆတ်ခ်တို့လို အတိုက်အခံတွေဘက်က ပြောဆိုမှုတွေ ရှိထားပြီးသား ဖြစ်ပါတယ်။
သူကြိုပြောခဲ့သလို ဖြစ်လာခဲ့ပါပြီ။ ကံကောင်းတာကတော့ ပြည်သူတွေကော၊ နိုင်ငံရေး အင်အားစုတွေကောက အချိန်တိုနဲ့ ကိုင်တွယ်လိုက်နိုင်တာပါ။
နောက်တစ်ဆင့်အနေနဲ့ သမ္မတယွန်းကို စွဲချက်တင်ဖမ်းဆီးအရေးယူနိုင်ဖို့အတွက်ကျတော့ ပါလီမန်ရဲ့ အမတ်အများစု သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှုရဖို့ လိုအပ်ပါတယ်။
လက်ရှိပါလီမန်ထဲမှာ အမတ်နေရာ ၃၀၀ ထဲက နေရာ ၁၉၀ ကို အတိုက်အခံပါတီတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဆိုလိုတာက သမ္မတယွန်းကို စွဲချက်တင်ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် သမ္မတရဲ့ ပါတီဖြစ်တဲ့ အာဏာရပါတီဝင်အမတ်တွေရဲ့ ပူးပေါင်းမှုကိုပါ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
အာဏာရပါတီဝင်တွေ ကိုယ်တိုင်ကလည်း သမ္မတရဲ့ အခုလုပ်ရပ်ကို ရှုပ်ချနေကြပါပြီ။ ၆ နာရီကြာ အာဏာလွန်ဆွဲပွဲမှာ ပြည်သူတွေ အောင်မြင်ခဲ့ပေမယ့် တောင်ကိုရီးယားရဲ့ နိုင်ငံရေးရေပြင်ကတော့ ဂယက်ထနေဆဲပါ။
Source – The Guardian