BREAKING
December 4, 2024

အသုဘအတွက် ဈေးလာဝယ်သူ ထားဝယ်ကမ်းနားဈေးတွင် လုယက်ခံရ

December 4, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ ကမ်းနားလမ်း ကမ်းနားဈေး၌ ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦး လုယက်ခံရကြောင်း စုံစမ်းသိရှိရသည်။

အသုဘအတွက် နယ်ကျေးရွာမှ မြို့တက်‌ပြီး ဈေးလာဝယ်သည့် အဆိုပါအမျိုးသမီးသည် ကမ်းနားဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက်ဝယ်ယူနေချိန် လုယက်ခံလိုက်ရခြင်းဖြစ်ကြောင်း ကမ်းနားဈေးသည်အချို့က ပြောဆိုသည်။

“ပိုက်ဆံတွေကို ကျန်ကျောင်း အိတ်လိုမျိုး ပလပ်စတစ်အိတ် အပြာရောင်နဲ့ထုပ်ပြီး ဟင်းရွက်ရွေးနေတုန်းမှာ အိတ်ကိုဓားနဲ့ခွဲပြီး လုသွားတာ” ဟု ကမ်းနားဈေးသည်တစ်ဦးက ပြောသည်။

အသုဘအတွက်ဈေးဝယ်မည့်ပိုက်ဆံ ကျပ်သိန်း ၃၀ ကျော်ပါသွားကြောင်း ဈေးသူဈေးသားတို့က ဆိုသည်။

ဈေးသည်အချို့ကမူ လုယက်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းပြောဆိုပြီး အချို့ကမူ တစ်ဦးတည်းမဟုတ်ဘဲ အုပ်စုလိုက်ဖြစ်ကြောင်း ပြောဆိုကြသည်။

မျက်မြင်တွေ့ရသူဟုဆိုသည့် ဈေးသူတစ်ဦး၏အဆိုအရ လုယက်သူများထဲတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးပါဝင် သည်ဟု ဆိုသည်။

“အမျိုးသမီးက အိတ်ကိုဓားနဲ့ခွဲပြီး ပိုက်ဆံယူသွားပြီးမှ အခြားသူတွေကို လက်ဆင့်ကမ်းပေးလိုက်တာ။ ကျွန်မတို့ရှေ့မှာ ကိုယ်တိုင်ဖြစ်လို့ ပြောနိုင်တာ” ဟု အထက်ပါစျေးသည်က ပြောသည်။

ကမ်းနားဈေးထဲတွင် ယင်းကဲ့သို့ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း ဈေးသည်တစ်ဦးက ဆိုသည်။

“ကျွန်မသိသလောက်တောင် လေးခါလောက်ရှိနေပြီ။ အဲဒီဟင်းသီးဟင်းရွက် ရောင်းတဲ့နားမှာချည်းဖြစ်နေတာ။ တစ်လ လောက်၊ တစ်လခွဲလောက်ကြာရင်တစ်ခါ အမြဲတမ်းပဲ အလုခံနေရတယ်” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့ထဲနှင့် မြို့အနီးဝန်းကျင်တွင် ရှိနေသည့် လောင်းကစားဝိုင်းတို့ကြောင့်လည်း မြို့ထဲတွင် လုယက်မှု ပိုမိုဖြစ်ပွားနေခြင်း ဖြစ်ကြောင်း မြို့ခံအချို့က ဝေဖန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၊ ကျန်းမာရေးလမ်းနှင့် ကမ်းနားလမ်းတို့တွင် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။