BREAKING
January 22, 2025

ထားဝယ်နှင့် မြိတ်တက္ကသိုလ် နေ့သင်တန်း ပထမနှစ်တက်မည့်သူ လျော့ကျ

December 4, 2024

ပုံစာ - ထားဝယ်တက္ကသိုလ် Photo - Dawei Watch

ယခုပညာသင်နှစ် (၂၀၂၄-၂၀၂၅) အတွက် ထားဝယ်နှင့် မြိတ်တက္ကသိုလ်တို့တွင် နေ့သင်တန်း ပထမနှစ်တက်ရောက်မည့်သူ ပြီးခဲ့သည့်ပညာသင်နှစ်ထက်လျော့နည်းကြောင်း စစ်ကောင်စီလက်အောက်ရှိ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်သည့် စာရင်းအရသိရသည်။

မြိတ်တက္ကသိုလ်တွင် ပြီးခဲ့သည့်နှစ်က ဘာသာရပ် ၁၅ ခုအတွက် ပထမနှစ်ဝင်ခွင့်ရသူ ၆၆၇ ဦးရှိခဲ့ပြီး ယခုပညာသင်နှစ် တွင်မူ ထက်ဝက်ကျော်လျော့နည်းကာ ဘာသာရပ် ၁၆ ခုအတွက် ဝင်ခွင့်ရသူ ၃၀၃ ဦးသာရှိကြောင်း ဖော်ပြသည်။

ထားဝယ်တက္ကသိုလ်တွင်လည်း ယခုနှစ်ပညာသင်နှစ်တွင် ဘာသာရပ် ၁၇ ခုအတွက် ပထမနှစ်ဝင်ခွင့်ရသူ ၇၃ ဦးသာ ရှိပြီး အာဏာသိမ်းပြီးနောက် လျှောက်ထားသူအနည်းဆုံးနှစ်ဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်တက္ကသိုလ်အား ဝင်ခွင့်လျှောက်ထားသူ ဆက်တိုက်လျော့နည်းနေပြီး ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ၃၂၄ ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၁၆၂ဦး ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၉၈ ဦး လျှောက်ထားခဲ့ ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းအရသိရသည် ။

“အခုနှစ်က လျှောက်ထားသူ အနည်းဆုံးနှစ်ပဲ။ ဘာလို့လဲဆိုတော့ KG+12 ပညာရေးရဲ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတွေ ပထမနှစ်တက္ကသိုလ်ဝင်တဲ့နှစ်ဖြစ်တယ်။ Grade 12 ကိုစတဲ့နှစ်က CDM လှုပ်ရှားမှုနဲ့ အာဏာသိမ်း ဂယက်တွေကြောင့် ကျောင်းသားက အခြေခံပညာမှာကတည်းကကို နည်းတယ်” ဟု ထားဝယ်တက္ကသိုလ်မှ ကထိကဆရာတစ်ဦးက ပြောသည်။

နေ့သင်တန်းလျှောက်သူနည်းလာသော်လည်း ထားဝယ်တက္ကသိုလ်တွင် အဝေးသင် သင်တန်းပြောင်းလျှောက်သူ များလာကြောင်း ၎င်းက ဆိုသည်။

“အာဏာသိမ်းပြီးကတည်းက တစ်နှစ်ထက်တနှစ် အဝေးသင်ပြောင်းသူများလာတယ်။ စစ်မှုထမ်းကြေညာအပြီးမှာ အဝေးသင်လျှောက်ပြီး ကျောင်းပြန်လာအပ်သူ ပိုများလာတယ်။ ဒါပေမဲ့ ကိုဗစ်မတိုင်မီကလောက်တော့ မများပါဘူး” ဟု အထက်ပါကတိက က ပြောဆိုသည်။

ကျောင်းသားများ စစ်မှုထမ်းကင်းလွတ်ခွင့်ရသည်ဟုဆို၍ အဝေးသင်ကျောင်းပြောင်းလျှောက်အပ်ကြခြင်းဖြစ်သော်လည်း စစ်မှုထမ်း အပတ်စဥ် (၃) ဆင့်ခေါ်ခံရသူများတွင် ထားဝယ်မြို့က အဝေးသင်ကျောင်းသားတစ်ဦး ဆင့်ခေါ်ခံခဲ့ရသည်။ အဆိုပါ အကြောင်းအရာကို Dawei Watch က ဇွန်လတွင် သတင်းဖော်ပြခဲ့သည်။

ထားဝယ်တက္ကသိုလ်တွင် ပထမနှစ်ဝင်ခွင့်လျှောက်ထားသူ နည်းသလို ဝင်ခွင့်ရပြီး ကျောင်းလာမအပ်သူနှင့် ကျောင်းပြောင်း လျှောက်ထားသူလည်း များကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားရေးရာဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ကျောင်းဖွင့်ပြီး ဆယ်ရက်ကျော်တဲ့အထိ ပထမနှစ် ကျောင်းလာအပ်ထားတဲ့သူ ငါးဆယ်မပြည့်သေးဘူး။ ကျောင်းပြောင်း လာလျှောက်သူတွေလည်းများတယ်။ ကမြောကင်းတံတားဂိတ် (စစ်ကောင်စီဂိတ်) ကို ဖြတ်ရတာနဲ့ ကျောင်းရှိတဲ့ လောင်းလုံးက နယ်မြေမတည်ငြိမ်တာရယ်ကြောင့် မိဘအများစုက အောက်ကျောင်း (ထားဝယ်တက္ကသိုလ်) ကို လွှတ်ရမှာ စိတ်မချကြဘူး” ဟု ၎င်းက ပြောသည်။

ကိုဗစ်မတိုင်မီက ထားဝယ်တက္ကသိုလ်တွင် ကျောင်းသားဦးရေ နှစ်ထောင်ကျော်နှင့် မြိတ်တက္ကသိုလ်တွင် ကျောင်းသား လေးထောင်ကျော်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ပြန်လည်ဖွင့်လှစ်သည့် ပညာသင်နှစ်များတွင် တက္ကသိုလ် နှစ်ခုစလုံး၌ ကျောင်းသားဦးရေ တစ်ထောင်ပင် မပြည့်ခဲ့ကြောင်း ယင်းတက္ကသိုလ်နှစ်ခု၏ ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ယခုနှစ် ပညာသင်နှစ်အတွက် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များတွင် နေ့သင်တန်းများကို နိုဝင်ဘာလ တတိယအပတ်တွင် စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

ပုံစာ – ထားဝယ်တက္ကသိုလ်

Photo – Dawei Watch