BREAKING
January 12, 2025

မောရဝတီရေတပ်က ကင်းလှည့်သည့်ကား သစ်ပင်နှင့်တိုက်မိ

December 4, 2023

ပုံစာ - အောက်တိုဘာလ က ကံပေါက်စျေးအနီး ယာဥ်ကြောပိတ်နေသည့်မြင်ကွင်း

မောရဝတီရေတပ်က ကင်းလှည့်လာသည့်ကားမှာ ကံပေါက်ရွာ၊ သီရီမင်္ဂလာရပ်ကွက်ရှိ သစ်ပင်နှင့် တိုက်မိခဲ့ပြီး တပ်သားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှသိရသည်။

မနေ့ (ဒီဇင်ဘာ ၃) မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရသူကို ဆေးရုံပို့ရန် သယ်ဆောင်လာစဥ် ကံပေါက်စျေးအနီး လမ်းပိတ်နေ၍ စစ်ကောင်စီတပ်သားများက စျေးအနီးရှိ ယာဥ်မောင်းများကို ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ဒေသခံများကဆိုသည်။

“စျေးထိပ်မှာကားတွေပိတ်နေတာ။ သူတို့ကားကလည်းရောက်လာတယ်။ အရေးပေါ်ဖြစ်နေမှန်းလည်း ဘယ်သူမှမသိဘူးလေ။ ဟွန်းသံရှည်တွေလည်းတီးတယ်။ စစ်သားတွေ ဆင်းလာပြီးလမ်းပေါ်ကလူတွေ အစုံဆဲဆိုသွားတယ်။ သူတို့ကားပေါ်မှာက မှောက်နေတဲ့စစ်သားက တစ်ယောက်ပါလာတယ်” ဟု မျက်မြင်တွေ့ခဲ့ရသော ယင်းဖြစ်စဥ်အနီး ရောက်နေသည့် ဘေးတွဲယာဥ်မောင်းတစ်ဦးက ပြောပြသည်။

ယင်းဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်သားများက ကံပေါက်စျေးအနီးတစ်ဝိုက် ဓာတ်ပုံများလာရိုက်ခဲ့ပြီးနောက် ယနေ့နံနက်တွင်တော့ ရေဖြူမြို့နယ်၊ ကံပေါက်စျေးတွင်သို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး ယာဥ်ကြောရှင်းပေးနေကြောင်း စျေးသူစျေးသားများကပြောသည်။

“ ဒီနေ့ မနက်ကတော့ လာရှင်းပေးလို့ ယာဥ်ကြောရှင်းသွားတယ်။ ပုံမှန်အတိုင်း မနက် ၉ နာရီဝန်းကျင်ဆိုရင် ဘေးတွဲဆိုင်ကယ်တွေ ၊ ကားတွေက လွဲမရအောင်ပိတ်နေတာ။ ဒီနေ့မနက်ကတော့ စျေးအရှေ့ဘက်ပိုင်းကို ယာဥ်လုံးဝပိတ်မရပ်ခိုင်းတော့ဘူး ။ ရဲတွေလာစောင့်နေတယ် “ ဟု စျေးသည်အမျိုးသမီးတစ်ဦးက ယနေ့မနက်ပိုင်း အခြေအနေကိုပြောပြသည်။

ကံပေါက်ဒေသတွင် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စီးခွင့်လုံးဝပိတ်ခဲ့သဖြင့် ဘေးတွဲယာဥ်များနှင့် ကားများကိုသာ အသုံးပြုနေရသဖြင့် လမ်းဧရိယာမလုံလောက်ဘဲ ယာဥ်ကြောပိတ်ဆို့မှု မကြာခဏကြုံရကြောင်း ဒေသခံများကပြောသည်။