ရုတ်တရက် လှမ်းကြည့်လိုက်ရင် ကန်းသင်းရိုးပေါ်မှာထောင်ထားတဲ့ စာခြောက်ရုပ်လို့ထင်ရလောက်အောင် ဦးကုလား မလှုပ်မရှက် ခြေပစ်လက်ပစ် ထိုင်နေတယ်။
ရွှေရောင်ဝင်းဝါနေတဲ့စပါးခင်းကြီးက အရင်လိုအမောပြေအောင်စွမ်းမသာတော့ပါဘူး။ စပါးခင်းကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ ဆောင်းလေပြေညှင်းရဲ့ အေးမြမှုကိုတောင် သူမခံစားနိုင်တော့ဘဲ သက်ပြင်းတွေသာ ခဏခဏ ချနေမိတယ်။
အရပ်ပုပု ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ပိုင်ရှင် ဦးကုလားဟာ ခန္ဒာကိုယ်ကသာ ငြိမ်ပြီးထိုင်နေပေမယ့် ဦးနှောက်ထဲမှာတော့ ကိန်းဂဏန်းတွေ ပေါင်း၊ နုတ်၊ မြောက်၊ စား လုပ်ဟန်တူပါတယ်။ ခဏကြာတော့ သူ့နှုတ်ကနေ လွှတ်ခနဲ စကားတစ်ခွန်းထွက်ကျလာပါတယ်။
“စပါးခြောက်ဆယ်(တင်း) လောက် အထွက်လျော့နေတယ်”အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် စီးပွားရေး ပြိုဆင်းနေတာတွေ၊ ဥတုဘေးတွေကြောင့် မြန်မာနိုင်ငံက လူသန်းချီဟာ ဆင်းရဲတွင်းထဲ ရောက်၊ ဝင်ငွေ ကျဆင်းနေရတဲ့ အထဲမှာ ဦးကုလားလည်း မလွတ်ပါဘူး။ သူတို့လိုပဲ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစားလို့ ဆိုကြတဲ့ တောင်သူတွေဟာ ဒုက္ခအမျိုးမျိုးနဲ့ ကြုံနေရပါတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ (ကညုံကျွန်းကွင်း) က လယ်မှာ ဦးကုလား စပါးရိတ်သိမ်းပါတယ်။ ရိတ်သိမ်းချွေလှေ့စက်ကိုငှားပြီး ရိတ်တာပါ။ သုံးဧကလောက်ရိတ်လို့ အပြီးမှာ စပါးအတင်းခြောက်ဆယ်လောက် အထွက်လျော့နေတာကို ဦးကုလားသတိထားမိသွားပါတယ်။
အရင်နှစ်တွေက ပျမ်းမျှ တစ်ဧက စပါးအတင်း ၆၀ ကနေ ၇၀ ကြားထွက်တဲ့ သူ့လယ်က ဒီနှစ် သုံးဧကပေါင်း တင်း ၁၅၀ တောင်မပြည့်ချင်တော့။
ဒီနှစ်ဓာတ်မြေဩဇာဈေးကြီးလို့ လုံလောက်အောင်မသုံးနိုင်တာရယ်၊ မိုးဖျက်တာရယ်ကြောင့် စပါးအထွက်မကောင်းနိုင်ဘူးလို့ ကြိုတွက်ထားပြီးသား။ ဒါပေမယ့် ဒီလောက်အထိဖြစ်မယ်လို့တော့ သူထင်မထားခဲ့ပါဘူး။ အရင်းလောက်ရရင်ကိုပဲ ကျေနပ်ရမယ့်အနေအထားဖြစ်နေတယ်လို့ ဦးကုလားကပြောပါတယ်။
“အရင်းပြန်ရရင်တောင်မှ လုပ်အားခက ဘယ်မှာလဲ။ လုပ်အားခရှုံးနေသေးတယ်”လို့ သူကပြောပါတယ်။
ဒီနှစ် ထားဝယ်မှာ လယ်သမားတွေ စပါးအထွက်နူန်းလျော့ကြပါတယ်။ တချို့ဆိုရင် ထက်ဝက်လောက်ကို လျော့ကြတယ်လို့ဆိုကြပါတယ်။
ပေါ်ဆန်း မျိုးစပါးကို စိုက်ပျိုးခဲ့တဲ့ လယ်သမား ဒေါ်လွင်မာတို့လယ်မှာလည်း မနှစ်က စပါးတင်း ၄၀၀ ရပေမယ့် ဒီနှစ် တင်း ၂၇၀ လောက်ပဲရတယ်လို့ဆိုပါတယ်။
စပါးဈေးကလည်း ဒီနှစ်ထွက်တဲ့ ဆန်းကြမ်းအမျိုးအစားဆိုရင် တစ်တင်းကို ကျပ်ခြောက်ထောင်ကျပ်ဝန်းကျင်လောက်ပဲ ပေါက်ဈေးရှိတယ်လို့ လယ်သမား တချို့က ပြောပါတယ်။
“စပါးဈေးကတော့ ထပ်တက်လာလိမ့်မယ်လို့တော့ မျှော်လင့်ထားတယ်။ ဒီဈေးနဲ့ ဒီစပါးနဲ့ဆိုရင်တော့ အမြတ်ရဖို့ မမျှော်နဲ့တော့။ ဗေဒင်လည်းသွားမမေးနဲ့ တစ်ခါတည်းဟောလိုက်မယ်။ ရှုံးနေပြီ” လို့ ဦးကုလားက ဆိုပါတယ်။
လုပ်သားငှားရမ်းခ၊ စက်သုံးဆီဈေးတွေ အရင်နှစ်ကထက် မြင့်တက်ခဲ့လို့ ဒီနှစ်လယ်လုပ်စရိတ် အကုန်အကျပိုများခဲ့ပါတယ်။ နွေစပါးပေါ်ချိန်မှာလည်း ရိတ်သိမ်းချွေေလှေ့စက်ငှားရမ်းခက အရင်နှစ်ကထက်မြင့်တက်နေပြန်ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တောင်ဖက်ပိုင်းမှာတော့ တစ်ဧကကို ကျပ်ခုနစ်သောင်းနဲ့ ရိတ်သိမ်းချွေလှေ့စက်တွေငှားရမ်းနေရတယ်လို့ဆိုပါတယ်။
စပါးရိတ်သိမ်းချိန်ရောက်တဲ့အထိရွာနေတဲ့ မိုးကြောင့် ဒီနှစ်လယ်သမားတွေ ငွေပိုကုန် လူပိုပမ်းနေကြရပါတယ်။ လယ်ထဲစပါးသယ်မယ့် ထော်လာဂျီတွေ ဝင်မရတာကြောင့် ရိတ်ထားပြီးသား စပါးတွေကို လူငှားနဲ့ လမ်းမအထိသယ်နေရတဲ့သူတွေရှိပါတယ်။
အနီးအဝေးပေါ်မူတည်ပြီး စပါးသယ်ခ တစ်တင်းကို အနည်းဆုံးကျပ်နှစ်ရာ ပေးပြီးသယ်နေရတယ်လို့ လောင်းလုံးမြို့နယ်က လယ်သမားအချို့က ပြောပါတယ်။ အဲဒီစပါးတွေကို အဆင်ပြေတဲ့နေရာသယ်ပြီး နေပူလှမ်း ပြီးမှ စပါးကျီထဲသွင်းဖို့ လုပ်နေကြရတာပါ။
“ပိုက်ဆံပိုကုန်မှာစိုးလို့ မိသားစုလိုက်ဆင်းပြီး အိတ်ထဲစပါးထည့်ပေးနေသေးတယ်” လို့ ဦးကုလားကဆိုပါတယ်။
ကံကိုပဲ ရိုးမယ်ဖွဲ့ရလေမလားမသိ။ ဒီနှစ်ဦးကုလား လုပ်သမျှ အရာမထင်လှ။ လယ်မှာရှုံးနေသလို ရာဘာမှာလည်း ရုန်းနေရရှာပါတယ်။
ရာဘာခြစ်သွားမယ်ကြံလိုက် အချိန်အခါမဟုတ် မိုးရွာလိုက်၊ သေနတ်သံတွေကြားလို့ မသွားရဲတော့လို့ ပစ်ထားလိုက်။ ဒီလိုနဲ့ စပါးပေါ်ချိန်ရောက်လာလို့ ရာဘာခဏပစ်ပြီး လယ်ထဲဆင်းတော့လည်း သူအမောဆို့ရသေးတယ်။
သူ့လယ်နဲ့ ရာဘာခြံဟာ စစ်အာဏာရှင်ကို တောက်လျှောက် နည်းပေါင်းစုံနဲ့ တော်လှန်နေတဲ့ လောင်းလုံးမြို့နယ် ထဲမှာ ရှိတာပါ။ ပစ်ခတ်ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ မြို့နယ် တစ်ခုပါ။ ဦးကုလား စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါ။ ဒီရက်ပိုင်းမှာပဲ သရက်ချောင်းမြို့နယ်ထဲက ရွာတစ်ရွာမှာ ဒေသခံအမျိုးသား တစ်ဦးဟာ သူ့ရာဘာခြံထဲမှာ ဘယ်သူလက်ချက်မှန်း မသိဘဲ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေခဲ့ပါတယ်။
ကိုဗစ်ဆိုတဲ့ ကပ်ဘေးကြီးထဲ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ၊ ပုံမှန်မဟုတ်တော့တဲ့ ရာသီဥတု ရိုက်ခတ်မူတွေက ဦးကုလားတို့လို လယ်သမား၊ ရာဘာသမား တောင်သူလူတန်းစားတွေရဲ့ စားဝတ်နေရေးကို တနေ့ထက်နေ့ ခက်ခဲလာစေပါတယ်။ သမာရိုးကျနေ့စဉ်ပုံမှန်အလုပ်တွေကို မလုပ်နိုင်တော့တာကြောင့် ဝင်ငွေနည်းပြီး ထွက်ငွေများလာလို့ စားဝတ်နေရေး ကြပ်တည်းလာကြတာဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကုန်ဈေးနူန်းတွေမြင့်တက်လာခဲ့ရသလို လယ်ယာလုပ်ငန်းအတွက် စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ အလုပ်သမားငှားရမ်းခ စတဲ့ သွင်းအားစုဈေးနုန်းတွေ မြင့်တက်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကွမ်းသီး၊ ရာဘာ စတဲ့တောင်သူအချို့ဟာလည်း မငြိမ်သက်မှုတွေ၊ ပစ်ခတ်မှုတွေကြောင့် သူတို့ရဲ့စားဝတ်နေရေးအလုပ်ကို ပုံမှန်မလုပ်နိုင်တော့ဘဲ ကျီလန့်စာစားဖြစ်နေကြရပါတယ်။
တိုက်ပွဲအသွင်မရှိတဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့က ရာဘာတောင်သူတွေဟာလည်း ဝမ်းတစ်ထွာအတွက် အထိတ်တလန့်နဲ့ အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။
“စစ်တပ်က တောနင်းသလိုမျိုး ရာဘာတောတွေထဲ လိုက်ရှာတဲ့အချိန်ဆိုရင် ရာဘာမခြစ်ရဲကြတော့ဘူး” လို့ ရေဖြူမြို့နယ် ရလိုင်ရွာက ရာဘာတောင်သူတစ်ဦးဖြစ်သူ ကိုဖြိုး (အမည်လွှဲ) ကပြောပါတယ်။
ရေဖြူမြို့နယ် ရလိုင်ကျေးရွာဖက်မှာ တိုက်ပွဲအသွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာမျိုးမရှိပေမယ့် သံသယရှိတဲ့နေရာတွေကို စစ်ကောင်စီ တပ်တွေက တောနင်းရှာဖွေလေ့ရှိပါတယ်။
အဲဒီလိုရှာတော့မယ်ဆိုရင် ရက်အတော်ကြာတဲ့အထိ ရွာမှာတပ်စွဲထားပြီး ညဘက်အပြင် မထွက်ဖို့တားမြစ်တာရှိသလို၊ ရာဘာတောထဲမဝင်ဖို့ကိုလည်း တားမြစ်ခံကြရတယ်လို့ဆိုပါတယ်။
မိုးကလည်း အခုချိန် ရွာလိုက်၊ တိတ်လိုက်ဖြစ်နေတာကြောင့် ရာဘာခြစ်တာလဲ နားလိုက်၊ ခြစ်လိုက် လုပ်နေရတဲ့အထဲ တောနင်းရှာတဲ့ ရက်တွေပါ အလုပ်ထပ်နားနေကြရတာပါ။
ကိုဖြိုးတို့ခြံကနေ တစ်နေ့ကို အလေးချိန် သုံးပေါင်ရာဘာပြား အပြား သုံးဆယ်ခန့်ထွက်တယ်လို့ ဆိုပါတယ်။ အခုလက်ရှိ ရာဘာပေါက်ဈေးက တစ်ပေါင်ကို ၉၇၀ ကျပ်နဲ့တွက်မယ်ဆိုရင် တစ်နေ့ကို သုံးသောင်းနဲ့ လေးသောင်းကျပ်ကြားဝင်ငွေရှိတယ်လို့ ဆိုနိုင်ပါတယ်။
နိုဝင်ဘာလ နောက်ဆုံးအပတ်က သူတို့ ခြံရှိတဲ့ ရလိုင်ရွာမှာ ငါးရက်လောက် စစ်သားတွေတပ်လာစွဲထားလို့ ရာဘာမခြစ်နိုင်တော့ဘဲ ငွေကျပ် နှစ်သိန်းလောက် ဆုံးရှုံးသွားတယ်လို့ ကိုဖြိုးကဆိုပါတယ်။
နောက်ပိုင်းမှာတော့ စစ်သားအချို့ရွာကနေထွက်သွားပြီး ရာဘာခြစ်ဖို့ကိုလည်း ခွင့်ပြုထားတယ်လို့ဆိ ကိုဖြိုးက ပြောပြပါတယ်။
ဒါပေမယ့် အရင်လို စိတ်ထဲမလုံခြုံသလိုခံစားနေရဆဲဖြစ်တယ်လို့ သူကဖွင့်ဟပါတယ်။
“ညကတည်းကနေပြီး ခြံထဲမှာသွားအိပ်နေလိုက်တယ်။ သူတို့(စစ်သား) တွေက မနက်သုံးနာရီထိုးမှ သွားခိုင်းတာဆိုတော့ အဲဒီအချိန်မသွားရဲလို့ပါ” လို့ ကိုဖြိုးကဆိုပါတယ်။
သရက်ချောင်းမြို့နယ် တောင်ပြောက်တိုက်နယ်ထဲက ဒေသခံတွေနဲ့ စော်ဖျားကျေးရွာအနီးက ရာချီနဲ့ချီတဲ့တောင်သူတွေဟာ ဥယျာဉ်ခြံတွေပစ်ပြီး အသက်ဘေးလွတ်နိုင်မယ့်နေရာတွေမှာ ရှောင်ပုန်းနေကြရပါတယ်။
လောင်းလုံးမြို့နယ်သားဖြစ်တဲ့ ဦးကုလားတို့ဖက်မှာတော့ ရေဖြူနဲ့ သရက်ချောင်းတို့ဘက်ကလောက် အခြေအနေမဆိုးပေမယ့် ညဘက် ဘယ်သူပစ်မှန်း မသိတဲ့ သေနတ်သံတွေကြားနေရတာကြောင့် ခြံထဲဝင်ပြီးမှ ရာဘာမခြစ်တော့ဘဲ ပြန်ထွက်ပြေးလာရတာတွေရှိတယ်လို့ဆိုပါတယ်။
ဦးကုလားတို့လို လယ်သမားတွေ၊ ကိုဖြိုးတို့လို ရာဘာခြံရှင်တွေ သာမက မြန်မာနိုင်ငံက လူသန်းချီဟာ ဝင်ငွေ လျော့ကျပြီး ဆင်းရဲသားတွေ ဖြစ်သွားဖို့ ရှိနေပါတယ်။ နိုင်ငံတကာ စံနှုန်းအရတော့ တစ်ရက် ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ (မြန်မာငွေ ၁၇၀၀ ကျပ်ဝန်းကျင်) အောက် ရှိသူတွေကို အလွန်အမင်း ဆင်းရဲတယ်လို့ သတ်မှတ်ပါတယ်။
ကိုဗစ် ကပ်ဘေးကြောင့်ရော၊ အာဏာသိမ်း ဂယက်ကြောင့်ပါ မြန်မာ လူဦးရေ ထက်ဝက်ဝန်းကျင် ဖြစ်တဲ့ လူ ၂၅ သန်းလောက်ဟာ ၂၀၂၂ ခုနှစ်မှာ ဆင်းရဲတွင်းထဲ ရောက်ဖို့ ရှိနေတယ်လို့ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်တဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ခန့်မှန်း ထားပါတယ်။
အခြေခံ ကုန်ဈေးနှုန်းကလည်း တရိပ်ရိပ်တက်နေပြီး မြန်မာကျပ်ငွေ တန်ဖိုးကလည်း မငြိမ်လှပါဘူး။ တက်ပြီးတော်ရုံပြန်မကျတော့တဲ့ ကုန်ဈေးနူန်းနဲ့ လုပ်သမျှ အရာမထင်ဖြစ်နေရင်တော့ နောက်ဆုံး လက်နက်ပုန်းတစ်ခု ထုတ်သုံးဖို့ တောင်သူ ဦးကုလားစိတ်ကူးထားပါတယ်။
သူ့ရဲ့လက်နက်ပုန်းက မလေးရှားနိုင်ငံကို တရားမဝင် ရွှေ့ပြောင်းအလုပ်သွားလုပ်ဖို့ဖြစ်ပါတယ်။ သူကိုယ်တိုင်တော့မဟုတ်။ သူ့ရဲ့သမီးအလတ်မကို ပို့ဖို့ပါ။ တရားမဝင် နယ်စပ်ဖြတ်ကျော်သွားတဲ့သူတွေ မကြာခဏ အဖမ်းခံနေရတာ သူသိပါတယ်။ ဒါပေမဲ့ မတတ်နိုင်။ အရဲစွန့်ဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။
“ဒီပခုံးကြီးနဲ့ ရုန်းလို့ရသလောက်တော့ ရုန်းကြည့်ဦးမယ်။ မဟန်ရင်တော့ သမီးကို မလေးရှားက သူအစ်မဆီလွှတ်ဖို့ပဲကျန်ပြီ” လို့ ဦးကုလားကဆိုပါတယ်။