BREAKING
January 10, 2025

တနင်္သာရီတွင် စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်ဗုံးကြဲ၊ ဒေသခံနှစ်ဦးဒဏ်ရာရ

November 4, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ၁၁နာရီခွဲအထိ ဘန်းပြည့်ရွာနှင့် ကိုးအင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါတိုက်လေယာဉ်ဖြင့် ကိုးအင်းရွာကို ဗုံးလေးလုံးကြဲချခဲ့သလို ဘန်းပြည့်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုးအင်းရွာသားတစ်ဦး၏ ခြောက်ထောက်နှင့် ဆယ်ကျော်သက် (၁၀နှစ်ကျော်) အရွယ် မိန်းကလေးတစ်ဦး ခြေမတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“ပထမ ဘန်းပြည့်မှာ ချတာ။ ပြီးတော့မှ ကိုးအင်း (ရွာ) မှာ ထပ်လာကြဲတာ။ ကိုးအင်းတံတားထိပ်နားက နေအိမ်နဲ့ အမျိုးသားတစ်ဦးက ခြေထောက်မှာအစထိသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုစောင့်ကြည့်သည့် EAR ၏ တယ်လီဂရမ်ချန်နယ်တွင်ဖော်ပြချက်အရ နံနက် ၁၁နာရီဝန်းကျင်မှ ၁၁နာရီခွဲအထိ မြိတ်လေတပ်မှ K8W ဂျက်ဖိုက်တာလေယာဉ် ပျံသန်းမှု နှစ်ကြိမ် ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် လယ်သစ်ကျေးရွာနေ ဒေသခံသုံးဦး ဒဏ်ရာရခဲ့သေးသည်။