BREAKING
January 10, 2025

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

November 4, 2024

၄၇ ယောက်မြောက် အမေရိကန်သမ္မတ မည်သူ ဖြစ်လာမည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို မနက်ဖြန် စတင်တော့မည် ဖြစ်သည်။

ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဟောင်းဖြစ်သူ ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကမ်မလာဟဲရစ်သာ အနိုင်ရခဲ့လျှင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမည် ဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များသည် သမ္မတကို ရွေးချယ်ရုံသာမကဘဲ အောက်လွှတ်တော်နှင့် ဆီးနိတ်ကို ပေါင်းစပ်ထားသည့် ကွန်ဂရက်အဖွဲ့ဝင်များကိုပါ ပြည်နယ်အလိုက် မဲပေးရွေးချယ်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရရှိသူသည် ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လေးနှစ်ကြာသမ္မတသက်တမ်းကို စတင်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယခုနှစ်တွင် မဲဆန္ဒရှင်တော်တော်များများက ကြိုတင်မဲစနစ် (သို့မဟုတ်) စာတိုက်မဲပေးစနစ်အရ ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်သည်။

သမ္မတလောင်းတဦးသည် တနိုင်ငံလုံးမှ လူထုမဲကို အနိုင်ရသော်လည်း ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ မဲတွင် ရှုံးနိမ့်ပါက သမ္မတမဖြစ်နိုင်ပါ။

ပြည်နယ်အဆင့်သမ္မတရွေးချယ်ရေးအဖွဲ့ဝင် (electoral college) များ၏ မဲအရေအတွက်စုစုပေါင်း ၅၃၈ မဲ အနက်မှ အများစုဖြစ်သည့် ၂၇၀ မဲရရန် လိုအပ်သည်။

ပြည်နယ်တွင်းလူဦးရေအနည်းအများအပေါ် မူတည်၍ သက်ဆိုင်ရာပြည်နယ်အဆင့်သမ္မတရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက်မှာ ကွဲပြားသည်။ မဲဆန္ဒရှင်များ၏ မဲများကို ရေတွက်အတည်ပြုပြီးပါက ပြည်နယ်အဆင့်သမ္မတရွေးချယ်ရေးအဖွဲ့ဝင်များကိုယ်တိုင် မဲပေးကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ဒေသစံတော်ချိန်ဇုန် ၆ ခု ရှိသောကြောင့် မဲရုံပိတ်သိမ်းချိန်များမှာ ပြည်နယ်အလိုက် ကွဲပြားသည်။

နိုင်ငံ့အရှေ့ဘက်ကမ်းရိုးတန်းဒေသများတွင် မဲရလဒ်အရေအတွက်ထွက်လာချိန်တွင် အလာစကာနှင့် ဟာဝိုင်ယီပြည်နယ်တို့တွင် မဲရုံစဖွင့်ဆဲ ဖြစ်သည်။

ယေဘုယျအားဖြင့် ဒေသစံတော်ချိန် ည ၇ နာရီမှစ၍ မဲရုံများကို စတင်ပိတ်သိမ်းသည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၅၀ ရှိသည့်အနက် သမ္မတမည်သူဖြစ်လာမည်ဆိုသည်ကို ပြည်နယ်အနည်းငယ်က ဆုံးဖြတ်ပေးသည်။ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်နှင့် ယင်းပြည်နယ်မှ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် ၁၉ ဦး၏ မဲရလဒ်သည် ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲအချို့တွင် အင်မတန်အရေးပါခဲ့ပြီး ယခုနှစ်တွင်လဲ အရေးပါဆဲ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အရီဇိုးနား ၊ ဂျော်ဂျီယာ ၊ ဝင်စကွန်ဆင်နှင့် နီဗားဒါးပြည်နယ်များ၌ ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ပ်အပေါ် မဲအနည်းငယ် အသာစီးရခဲ့ပြီး အမေရိကန်သမ္မတဖြစ်လာခဲ့သည်။

ရွေးကောက်ပွဲတွင် မည်သူအနိုင်ရကြောင်း အတည်ပြုနိုင်ရန် ရက်အတန်ကြာ စောင့်ရလေ့ရှိသော်လည်း ပြည်နယ်မဲရလဒ်နှင့် တနိုင်ငံလုံး မဲရလဒ်များကို ရွေးကောက်ပွဲအပြီးသတ်ရလဒ် ထွက်မလာခင်ကတည်းက ကြိုတင်ကြေညာကြလေ့ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး နောက်လေးရက်အကြာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှ မဲရလဒ်ထွက်လာပြီးချိန်တွင် ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲအနိုင်ရသူ ဖြစ်ကြေင်း စတင်ကြေညာခဲ့ကြသည်။

၂၀၁၆ ရွေးကောက်ပွဲတွင်မူ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မနက်မှာပင် ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း ဟီလာရီကလင်တန်က လက်ခံခဲ့သည်။