BREAKING
December 23, 2024

သရက်ချောင်းက ကျေးရွာအချို့တွင် ဖုန်းလိုင်းပြတ်နေသဖြင့် ဒေသခံများအခက်ကြုံ

November 4, 2024

သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ တွင် ဖုန်းဆက်သွယ်ရေးလိုင်းပြတ်တောက်နေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တီတွတ်ပြင်ရွာ၊ အိမ်ရှေ့ပြင်ရွာနှင့် ဆင်ကူးရွာတို့တွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ ရက်ပေါင်း ငါးဆယ်နီးပါးရှိပြီ ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကျေးရွာများအနက် အိမ်ရှေ့ပြင်ရွာတွင် ဖုန်းတာဝါတိုင်ရှိသည့် စစ်ကောင်စီ၏ မိုင်တဲအော်ပရေတာတစ်ခုသာ သုံးစွဲရ အဆင်ပြေပြီး ကျန်ဆက်သွယ်ရေးအော်ပရေတာတို့မှာ လိုင်းမိမှုအားနည်းပြီး အသုံးပြုရ အဆင်မပြေကြောင်း ဒေသခံများက ဆိုသည်။

စက်တင်ဘာလ ၁၄ရက်နေ့၌ မိုင်တဲဖုန်းလိုင်း ဆက်သွယ်ရေးပြတ်တောက်သွားပြီး ယင်းသို့ ပြတ်တောက်နေချိန် စက်တင် ဘာလ ၁၆ ရက်တွင် အိမ်ရှေ့ပြင်ရွာရှိ မိုင်တဲတာဝါတိုင်ကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၄ရက်တွင် မိုင်တဲ ဖုန်းလိုင်းပြတ်တောက်သွားသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။

ထို့နောက် မိုင်တဲ ရုံးဝန်ထမ်းများက လာရောက်ပြင်ဆင်ရာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြန်လည်အသုံးပြု၍ ရသွားသော်လည်း နောက်တစ်ရက်တွင် ပြန်လည်ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါကျေးရွာများတွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်အထိ ဆက်သွယ်ရေးပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်းမိသည့် တောင်ကုန်းနှင့် အခြားနေရာများကို သွားရောက်ပြီး ဆက်သွယ်နေရကြောင်း အထက်ပါဒေသခံ အမျိုးသမီးက ဆိုသည်။

“ရွာမှာ လူငယ်‌တွေက အဝေးမှာဆိုတော့ မိဘတွေက ဒီအင်တာနက်ကိုပဲ အားကိုး‌ပြီး ဆက်သွယ်နေရတာ။ အခုဆို လယ်ထဲဆင်း‌ပြော၊ တောင်ပေါ်တက်ပြောနဲ့ တော်တော်ပင်ပန်းတာပေါ့” ဟု ၎င်းက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၄ရက်တွင်မူ မိုင်တဲ ဝန်ထမ်းများက လာရောက်ပြုပြင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများတွင် Mytel ဆက်သွယ်ရေးကွန်ရက်တစ်ခုသာရှိပြီး ကျန်အော်ပရေတာများ၏ ဆက်သွယ်ရေး ကွန်ရက် ကောင်းစွာအသုံးပြ၍မရသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“(ရွာက) လူတွေက သူ့ကိုပဲ အားကိုးနေရတာ။တခြားတိုင်တွေက ဘာမှမမိဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါဒေသနေ ဒေသခံများသည် ရန်ကုန်၊ မြိတ်၊ ကော့သောင်းရှိ ဝါတန်း (ဝိုင်းကြီးချုပ်) နှင့် ဝါလတ်(ဒရွတ်ဆွဲပိုက်) ငါးဖမ်းလှေ လုပ်သားအဖြစ် အသက်မွေးသူများပြီး ထိုင်းနိုင်ငံသို့သွားကာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေကြသူ များလည်း ရှိသည်။

ဆင်ကူးကျေးရွာမှာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ်တည်ရှိပြီး အိမ်ရှေ့ပြင်နှင့် တီတွတ်ပြင်ကျေးရွာတို့မှာ သရက်ချောင်းမြို့အထွက် ပန်းတောလမ်းဆုံက လမ်းခွဲပြီးဝင်ရသည်။