BREAKING
December 23, 2024

စစ်တပ်က ဖမ်းဆီး၍သတ်ထားသော လူငယ်အလောင်းကို ရော်ဘာခြံထဲတွင်တွေ့ရှိ

November 4, 2024

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးကာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့်လူငယ်ကို သရက်နှစ်ခွရွာရော်ဘာခြံတစ်ခုတွင် အလောင်းသာ ပြန်လည်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၂၇ နှစ်အရွယ် ရန်တောင်ရွာသား ကိုထိုက်ဆိုသူမှာ အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် သရက်နှစ်ခွရွာလမ်းမှ ဥတ္တူရွာကို ဆိုင်ကယ်ဖြင့်သွားစဉ် စစ်ကောင်စီတပ်နှင့်တိုးပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် သရက်နှစ်ခွရွာလယ်ကျောင်းက စစ်ကောင်စီတပ်များ ဂေါ်ပြား၊ ပေါက်တူးများယူပြီး ရွာအရှေ့ပိုင်းလမ်းကို ဝင်သွားကြောင်း၊ ဆိုင်ကယ်တစ်စီးကို တွန်းထုတ်ပြီး ပြန်ထွက်လာသည်ကို ဒေသခံများတွေ့ခဲ့ရသည်။

ယင်းကြောင့် ဖမ်းဆီးခံရသည့် ၂၈ ရက်နေ့မှာပင် သတ်ဖြတ်ခံခဲ့ရဖွယ်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်က သရက်နှစ်ခွရွာနှင့် မဲနယ်အိုးရွာထဲတွင် တပ်စွဲထားပြီး ဥတ္တူရွာကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများက ယင်းလူငယ်ကို လိုက်လံရှာဖွေနိုင်ခြင်းမရှိခဲ့ပေ။

စစ်ကောင်စီတပ်ပြန်ထွက်သွားပြီးနောက် နိုဝင်ဘာလ ၂ ရက် စနေနေ့တွင် လိုက်လံရှာဖွေရာ ရော်ဘာခြံတစ်ခုတွင် ကျင်းခပ်နိမ့်နိမ့်တူးပြီး မြုပ်နှံထားသည့် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သရက်နှစ်ခွရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်ပြန်ထွက်သွားတော့ သရက်နှစ်ခွရွာကလူတွေနဲ့ ရန်တောင်ရွာကလူတွေလိုက်ရှာကြတယ်၊ အဲ့မှာ ကျွန်တော်အရင်တစ်ခေါက်ကပြောခဲ့တဲ့ တံတားနားက ရော်ဘာခြံထောင့်မှာပဲ သူ့ကိုမြုပ်ထားတာတွေ့တယ်၊ ကွမ်းသီးခက်တွေဖုံးထားတယ်၊ လက်တစ်ဖက်ထွက်နေတယ်” ဟု ၎င်းက ပြောသည်။

အလောင်းကို ပြန်တွေ့ချိန်တွင် ပုပ်ပွနေပြီဖြစ်သဖြင့် နေရာမှာပင် မီးသင်္ဂြိုဟ်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။