BREAKING
January 10, 2025

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)က လူထုနှင့်တွေ့ဆုံ

November 4, 2024

ပုံစာ - နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပခဲ့သည့် NMSP-AD နှင့် မွန်လူထုတွေ့ဆုံပွဲ။ ဓာတ်ပုံ - NMSP-AD

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ် ဦးဆောင်တက်ရောက်သည့် လူထုတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့သည်။

အဆိုပါလူထုတွေ့ဆုံပွဲတွင် မွန်လူထုနှင့် မွန်ဒေသများရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်သည်ဟု NMSP- AD ထံမှ သိရသည်။

“အဖွဲ့အစည်းအသီးသီးနဲ့ အမြင်ဖလှယ်ဖို့ရယ်၊ မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီတွေ့ဆုံပွဲကို လုပ်တာဖြစ်တယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ လုပ်တာ” ဟု NMSP- AD တာဝန်ရှိသူတစ်ဦးက ပြောသည်။

တွေ့ဆုံပွဲတွင် NMSP AD ဘက်က ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ၊ စစ်ရေးလှုပ်ရှားမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းခဲ့ပြီး တက်ရောက်ခဲ့ကြသည့် မွန်လူထု၊ မွန်အဖွဲ့အစည်းတို့က တော်လှန်ရေးအကျိုး၊ အမျိုးသားအကျိုးအတွက် အကြံဉာဏ်ပေးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် မွန်သံဃာတော်များကို MNSP-AD က အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNSP-AD သည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

MNSP-AD က ထုတ်ပြန်ပြောဆိုထားသည့်အတိုင်း အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းသာမက ကရင်နှင့် တနင်္သာရီတိုင်းတို့တွင်ပါ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာခဲ့သည်။