BREAKING
January 10, 2025

ထိုင်းဘက်က အဝယ်လိုက်သဖြင့် ဂွေးခြောက်ဈေးကောင်းရနေ

November 4, 2024

ငါးပိလုပ်ရာတွင် အဓိကအသုံးပြုသည့် ဂွေး ‌ဟုခေါ်သည့် မျှင်‌ကောင်များကို အခြောက်လှန်းကာ ထိုင်းဘက်သို့ ရေကြောင်းဖြင့် တင်ပို့နေပြီးဈေးကောင်းရနေကြောင်း မြိတ်ကျွန်းစုရှိ ဒေသခံပင်လယ်ရေလုပ်သားများထံမှ သိရသည်။

ဂွေးခြောက် (အသန့်) ၃၀ ကီလိုဝန်းကျင်တစ်အိတ်လျှင် ကျပ်တစ်သိန်း‌ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ် မတ်လကမူ တစ်အိတ်လျှင် ကျပ်ငါးသောင်းဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။

“ထိုင်းဘက်က အဝယ်များလို့ ဈေးတက်လာတာပါ” ဟု ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ရွှေဂဲညိုရွာတွင် ဂွေးခြောက်ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဂွေးခြောက်ကို ထိုင်းဘက်သို့ ရေကြောင်းမှ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံတွင် ငါးပိ နှင့် ငံပြာရည် ပြုလုပ်ကြောင်း သိရသည်။

ဂွေးခြောက် ပြုလုပ်ရာတွင် ပင်လယ်ပြင်မှ ဖမ်းဆီးရရှိလာသည့် ဂွေးကောင်ငယ်များကို ဆားဖြင့်ရောနယ်ကာ နေ့ထက်ဝက်ခန့် နေလှန်းပြီး ရောင်းချလေ့ရှိကြောင်း ပင်လယ်ရေလုပ်သားများထံမှ သိရသည်။

“ဂွေးရလာတဲ့အခါ အမှိုက်သရိုက်တွေ ရွေးပြီး ဂွေးကိုဆားနဲ့‌ရော နယ်တယ်။ ပြီးရင် ဆားအိတ်ထဲထည့်ပြီး ဆားအိတ်ကို ကြိုးနဲ့တင်းနေအောင်ချည်ရတယ်။ ပြီးမှအပေါ်က သစ်တုံးတွေနဲ့ ဖိပြီးတစ်ညအိပ် ရေစစ်ထားရတယ်။ မနက်ကျရင်တော့ နေ့ထက်ဝက်‌လောက် နေရောင်ပြ‌ပေးရတယ်” ဟု ဂွေးခြောက်ပြုလုပ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

နေ့ထက်ဝက်ခန့် နေလှန်းပြီး မစိုမခြောက် အနေအထားတွင် အိတ်ဖြင့်ထည့်ကာ ကျွန်းစုမြို့နယ် ကျောက်ကုန်းကျေးရွာနှင့် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရွှေဂဲညိုကျေးရွာများကို အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ရောင်းချကြောင်း ၎င်းက ဆိုသည်။

အမှိုက်သရိုက်များပြီး အနံ့အသက် မကောင်းသည့် ဂွေးခြောက်မှာမူ ပေါက်ဈေးမရဘဲ ကျပ်ခြောက်သောင်းဝန်းကျင်သာ ဈေးရှိကြောင်း ဂွေးခြောက်ရောင်းဝယ်သူအချို့ထံမှ သိရသည်။

“ကျွန်မတို့ကတော့ ဈေးသာတဲ့ဘက်မှာ ရောင်းတယ်” ဟု ကျွန်းစုမြို့နယ်၊ ကော့ကနင်းကျေးရွာတွင် ဂွေးခြောက်ပြုလုပ်သူ အမျိုးသမီးတစ်က‌ ပြောသည်။

ဂွေးခြောက်ဈေးကောင်းရနေသဖြင့် ကျွန်းစုမြို့နယ်နှင့် ပြည်ကြီးမဏ္ဍိုင်မြို့တို့ရှိ ရွှေဂဲညို၊ ကျောက်ပိတ်၊ ကျောက်ကုန်း၊ ကော့ကနင်း၊ မိုင်းတွေး၊အုတ်ဖို စသည့်ကျေးရွာများတွင် ဂွေးခြောက် ပြုလုပ်သူများလာပြီး ‌ငါးပိပြုလုပ်သူ နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။