BREAKING
January 28, 2025

ကော့သောင်းမြို့တွင် ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်

November 4, 2024

ပုံစာ-ကော့သောင်းမြို့တွင်း တစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲအချို့ကို တွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ငါးသုံးလုံးတောင်အနီးတွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဆိုင်ကယ်စီး၍ သွားလာနေစဉ် ဓားဖြင့်ခြိမ်းခြောက်လုယက်ခဲ့သလို သမီးရည်းစားချိန်းတွေ့ နေချိန်တွင်လည်း လုယက်မှုများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

အောက်တိုဘာလ ၁၈ ရက် ည ၉နာရီဝန်းကျင်တွင် ငါးသုံးလုံးတောင်အနီး သမီးရည်းစားချိန်းတွေ့နေချိန် လူငယ် အမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ Honda အမျိုးအစား ၂၀၂၄ မော်ဒယ် Wave110 အနီရောင်ဆိုင်ကယ်တစ်စီးအပြင် ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း အလုခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အသက်အန္တရယ် မဆုံးရှုံးအောင်ပေးခဲ့တာပေါ့။ လူတော့မထိခိုက်ဘူးဗျာ။ လုယက်သူတွေကလည်း ကောင်းကောင်း သိတယ်လေ။ ပြန်မခုခံဘူးဆိုရင် ရန်မပြုဘူးဗျ။ကျွန်တော်တို့ဒေသမှာ ဒီလိုခဏခဏဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၃၁ ရက် ည ၉ နာရီဝန်းကျင်ကလည်း သူငယ်ချင်းဧည့်သည်အား အိမ်ပြန်ပို့စဉ် အိမ်ရောက်ခါနီး မင်္ဂလာကဖေးနှင့် ဟိုတယ်အလွန် ဘုန်းကြီး‌ကျောင်းအနီးတွင် လုယက်မှုထပ်ဖြစ်ခဲ့ကြောင်း အလုခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

ယင်းသို့ ဆိုင်ကယ်စီးပြီးပြန်လာချိန် အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် အနောက်ကလိုက်လာပြီး Honda အမျိုးအစား၂၀၂၃ မော်ဒယ် Click i 160 ဆိုင်ကယ်ကို လုယက်သွားကြောင်း ၎င်းက ပြောသည်။

“သူတို့ကဓားနဲ့ထောက်ပြီး ဆိုင်ကယ်ပေးဆိုပြီး ယူသွားတာရှင့်။ ဧည့်သည်ဆီကလည်း ပိုက်ဆံအိတ်နဲ့ ဖုန်းတွေ အကုန်လုယူသွားတယ်။ ဒဏ်ရာတော့မရခဲ့ဘူးရှင်”ဟု အထက်ပါဆွေမျိုးတော်စပ်သူက ဆိုသည်။

အဆိုပါ ဖြစ်ရပ်မဖြစ်ပွားမီ သုံးရက်ခန့်ကလည်း ငါးသုံးလုံးတောင်အနီးတွင် မိန်းကလေးတစ်ဦး ဆိုင်ကယ်ထားပြီး ဘုရားတက်ဖူးရာ ဆိုင်ကယ်ကိုယူပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

ထိုသို့လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် ငါးသုံးလုံးတောင်ဘက်ကို မသွားကြရန် ကော့သောင်းမြို့ခံအချို့က ပြောဆိုနေသည်။

လုယက်သူများက အဖွဲ့လိုက်ကျူးလွန်နေကြခြင်းဖြစ်ပြီး လုယူထားသည့်ဆိုင်ကယ်ကို ဆေးရောင်နှင့် ပုံစံပြောင်းပြီး ကော့သောင်းခရိုင်းအတွင်းရှိ ခမောက်ကြီးမြို့၊ မြိတ်နှင့် ထားဝယ်မြို့အထိ သွားရောင်းနေကြကြောင်း မြို့ခံအချို့ကပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသို့လုယက်မှုများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီ၏ ရဲတပ်ဖွဲက အလုပ်မလုပ်သဖြင့် ဖမ်းဆီးခံရမှုမရှိသည့်အတွက် ပိုမိုအတင့်ရဲလာကြကြောင်း မြို့ခံများက ပြောဆိုကြသည်။