BREAKING
September 20, 2024

ဖမ်းဆီးအမှုဖွင့်ခံရသည့် ပေါင်ဒေသခံ ခြောက်ဦး ထောင်ဒဏ်ချမှတ်ခံရ

November 4, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဒေသခံများအနက်မှ ခြောက်ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့်ဖြစ်စဉ်တို့ဖြစ်ပွားပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများအနက်မှ အချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သလို အချို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။

ယင်းအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ဥတ္တံတားကျေးရွာမှ ကိုအောင်မင်းထွေး၊ ကိုချစ်သူပိုင်၊ စောရာဇာမင်းနှင့် ကျွဲခြံကျေးရွာက မအေးနီနီအောင်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပေါင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ယင်းအပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ဥတ္တံတားကျေးရွာက ဦးစိုးမိုးအောင် အပါအဝင် ၂ ဦးကိုလည်း စစ်ကောင်စီတရားရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း နီးစပ်သူတို့ထံမှသိရသည်။

“အမှုဖွင့်ခံထားရတာက ၁၀ ဦးကျော်မယ်။ အဲဒီထဲမှာ အချို့က ၅၀၅ နဲ့ စွဲထားတယ်။ တချို့ကလည်း အကြမ်းဖက်ပုဒ်မနဲ့ စွဲတယ်။ အခု လက်ရှိကတော့ ၆ ဦးပေါ့။ ၆ ဦးကိုတော့ အမိန့်ချလိုက်ပြီလို့ သိရတယ်။ ကျန်တဲ့လူတွေကတော့ ဘာမှမကြားသေးဘူး” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

ထောင်ဒဏ်အမိန့်ချမှတ်ခံရသူများကို သထုံအကျဉ်းထောင်နှင့် ကျိုက်မရောဗဟိုအကျဉ်းထောင်တို့တွင် ပို့ဆောင်ထားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

စစ်အာဏာသိမ်းသည့်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် ဖမ်းဆီးခံခဲ့ရသူ ၂၅၃၇၄ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၅၇၂၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ နိုဝင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

၁၉၆၅၀ ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ယင်းအနက် ၇၉၉၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းAAPP ထံမှ သိရသည်။

သေဒဏ်ချမှတ်ခံထားရသူ ၁၂၀ ဦး ရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦးရှိကာ စုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ ၁၆၃ ဦး ရှိသည်ဟု AAPP ဖော်ပြထားသည်။