BREAKING
December 30, 2024

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်းတစ်ရာကျော်ကို သိမ်းထားကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

November 4, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ၈ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်စခန်း တစ်ရာကျော်ကို သိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ် စခန်းအကြီး၊ အငယ်နှင့် ယာယီတပ်စခန်းများ စုစုပေါင်း တစ်ရာကျော်ကို သိမ်းယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က ပူးပေါင်းကာ အောက်တိုဘာလ ၂၇ရက်တွင် စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃ရက်နေ့က ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို MNDAA က သိမ်းယူခဲ့ပြီး တအာင်းတွင်လည်း စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းယူခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်များက ထုတ်ပြန်ထားသည်။

AA ကလည်း ညီနောင်မဟာမိတ်နယ်မြေများရှိ စစ်ဆင်ရေးတွင် ပါဝင်နေသလို စစ်ကိုင်းတိုင်း ထီးချိုင့်၊ ကောလင်းမြို့နယ် ပတ်ဝန်းကျင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်က အထိအခိုက်များလာသောကြောင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို အဓိက လုပ်ဆောင်လာကြောင်း မဟာမိတ်များဘက်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ် နိုဝင်ဘာလ ၃ရက်က နောင်ချိုမြို့နယ် လယ်တောကြီးရွာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးတစ်ဦးသေဆုံးပြီး နေအိမ်သုံးလုံးပျက်စီးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ပိုင်းမဟာမိတ်တပ်များက ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့လေးမြို့ကို ထိန်းချုပ် ထားပြီး လက်နက်ခဲယမ်း မြောက်များစွာနှင့် သံချပ်ကာကား ခြောက်စီးကို သိမ်းယူထားကြောင်းလည်း ပြောဆိုထားသည်။

စစ်ကောင်စီတပ်သား အမြောက်အများ ဖမ်းမိထားသလို လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ် အဖွဲ့ဝင် တစ်ရာကျော်ရှိနေကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။