ကမ္ဘောဒီးယားလက်ဝှေ့အကျော်အမော် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲထိုးသတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာခဲ့ပြီဖြစ်သော မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝကို ကမ္ဘောဒီးယားနိုင်ငံရှိ ပရိသတ်များနှင့် မီဒီယာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
ဒေဝ(ခ)ဒေ့ဗ်လက်ဒက် သည် မြန်မာ့လက်ဝှေ့ချန်ပီယံရွှေခါးပတ်ကို မြန်မာလူမျိုး မဟုတ်သည့် နိုင်ငံခြားသားများအနက်မှနေ၍ ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ယခုထိုးသတ်မည့် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲစဉ်မှာ ဒေဝအတွက် ကစားသမားဘဝကို နှုတ်ဆက်မည့် နောက်ဆုံးပွဲစဉ်ဖြစ်လာတော့မည်လည်းဖြစ်သည်။
ဒေဝ သည် ကမ္ဘောဒီးယားသို့ ရောက်လာခဲ့အပြီးတွင် လေဆိပ်၌ ၎င်းကို ကြိုဆိုနေသည့် ပရိသတ်များနှင့် မီဒီယာများကို နှုတ်ဆက်ခဲ့ကာ မီဒီယာများက မေးမြန်းသည့်မေးခွန်းများကိုလည်း ဖြေကြားပေးသွားခဲ့သည်။







ဒေဝနှင့် ပရွမ်းဆမ်းနန်တို့ ထိုးသတ်မည့် စိန်ခေါ်ပွဲစဉ်သည် အရှေ့တောင်အာရှ လက်ဝှေ့သမိုင်းတွင် အကြီးကျယ်ဆုံးပွဲစဉ်ဖြစ်လာလိမ့်မည်ဟု သတ်မှတ်ညွှန်းဆိုခံထားရပြီး ပုဝါမကူ ရေမရှူ အနားမတောင်းစနစ်ဖြင့် တစ်ချီတည်း အပြီးသတ်ထိုးသတ်ရမည့်ပွဲစဉ်ဖြစ်နေသည်မှာ ယခုပွဲစဉ်၏ထူးခြားချက်ပင်ဖြစ်သည်။
ဒေဝနှင့် ပရွမ်းဆမ်းနန်တို့သည် အချိန် ၉ မိနစ် သတ်မှတ်ထားသော ပွဲချီတစ်ချီတည်းကို ထိုးသတ်ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်ပြီး ယခုပွဲစဉ်တွင် အမှတ်ပေးစနစ် မပါရှိဘဲ အလဲထိုးနိုင်သူမှသာ အနိုင်ရလိမ့်မည်ဟု သိရှိရသည်။
ရိုးရာလက်ဝှေ့ဘုရင် နှစ်ယောက် အားပြိုင်မည့် ယခုပွဲစဉ်သည် သမိုင်းတစ်ခု ရေးသားနိုင်မည့်ပွဲစဉ်အဖြစ် ကျန်ရစ်ခဲ့လိမ့်မည်ဟု ဒေဝက မှတ်ချက်ပေးထားပြီး ခွန်ခမာလူမျိုးများနှင့် ကမ္ဘောဒီးယားနိုင်ငံကိုလည်း ၎င်းက ချစ်ခင်ပါကြောင်း ဒေဝက လေဆိပ်သို့ရောက်လာခဲ့ပြီးသည်နှင့် ပြောကြားသွားခဲ့သည်။