BREAKING
January 11, 2025

ထားဝယ်တွင် စည်ပင်သတ်မှတ်စျေးဖြင့် မရောင်းနိုင်ဟုဆိုကာ ဝက်သားအရောင်းရပ်

October 4, 2024

ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတ်မှတ်ပေးသည့် စျေးနှုန်းအတိုင်း မရောင်းချနိုင်သဖြင့် အရောင်းရပ်ဆိုင်းထားကြောင်း ဝက်ဒိုင်လုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာလတွင် စျေးကွက်အတွင်း ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၂၀၀၀ ဖြစ်လာပြီးနောက် ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့က တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းချရန် ပြောဆိုလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ 

တစ်ပိဿာ ကျပ်သုံးသောင်းကျော်ဖြစ်လာ၍ စားသုံးသူများ အခက်အခဲဖြစ်မည်စိုးရိမ်သဖြင့် ကျပ်နှစ်သောင်းခွဲဖြင့် ရောင်း ရန် ထားဝယ်ခရိုင် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီအစည်းအဝေးတွင် သဘောတူညီဆုံးဖြတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

“ဒေသကုန်ဈေးနှုန်း မကြီးမြင့်ဖို့အတွက်ကို ဒီနှုန်းနဲ့ပဲ ရောင်းဖို့ မှာထားတာတော့ရှိတာပေါ့ဗျာ။ ကျန်တာတော့ ပြောလို့ မရသေးဘူးဗျ” ဟု ၎င်းက ပြောဆိုသည်။  

၂၅၀၀၀ ကျပ်ထက် စျေးတင်ရောင်းချလျှင် ဖမ်းမည်ဆိုသဖြင့် အောက်တိုဘာလ ၃ ရက်ကစပြီး လေလံအောင်ထားသည့် ဝက်ဒိုင်များက မရောင်းချကြတော့ကြောင်း ဝက်ဒိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ဝက် ဝယ်ယူရသည့် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် စည်ပင်က သတ်မှတ်သည့် ဈေးနှုန်းအတိုင်း မရောင်းနိုင်သဖြင့် အရောင်းရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“သူတို့ကလည်း ၂၅၀၀၀ နဲ့ မရောင်းနိုင်ရင် လာမရောင်းနဲ့တဲ့။ ဖမ်းမယ်ဆိုတော့ ကျွန်တော်တို့ ဘယ်ရောင်း ရဲမလဲဗျ။ သွားရောင်းလို့ ဖမ်းရင် ကျွန်တော်တို့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ” ဟု အဆိုပါအမျိုးသားက ပြောသည်။

ထို့ကြောင့် ဝက်သားအရောင်း ရပ်ဆိုင်းထားပြီး ဝက်သားပြတ်လပ်နေသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း ဝက်သားရောင်းသူနှင့် ဝယ်ယူစားသုံးသူတို့ထံမှ သိရသည်။ 

“(စျေးမှာ) ဝက်သား မရောင်းတာ နှစ်ရက်ရှိပြီ။ ကမ်းနားဈေးမှာလည်း မရောင်းဘူးကြားတယ်။ အဒေါ်တို့လည်း တစ်ပိဿာ သုံးသောင်းကျော်လာတည်းက မဝယ်စားတော့ဘူး” ဟု ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးက ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ဝက်ဒိုင်တွင် တစ်ပိဿာကို ၂၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရသဖြင့် အဆီအသား တစ်ပိဿာလျှင် သုံးသောင်းကျပ်၊ အသား သီးသန့် တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း ထားဝယ်မြို့ ကမ်းနားဈေးတွင် ဝက်သားရောင်း ချသည့် စျေးသည် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဈေးနှုန်းမြင့်တက်လာသည့်အချိန်ကစပြီး ဝက်သားရောင်းအား သိသိသာသာလျော့ကျလာကြောင်း ၎င်းက ဆိုသည်။ 

“အခုဆို နားနေတာ နှစ်ရက်ရှိပြီ။ အကုန်လုံးက ဒုက္ခဖြစ်နေတဲ့အချိန်မှာ အစ်မတို့ပြောတာက စားသုံးသူရှိမှပဲ အရောင်းသမားတွေ ရှိတာလေ၊ မမှန်ဘူးလား။ ဈေးကလည်း အဆမတန်ကြီးတယ်ဆိုတော့ ဝယ်စားသူလည်းမရှိဘူး”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ 

ဝက်သားဈေး သုံးသောင်းကျော်လာသဖြင့် အလှူပွဲများတွင် ဝက်သားကျွေးသူ နည်းလာပြီး အိမ်ရှင်မများလည်း ဝယ်စားနိုင်သည့် အခြေအနေမရှိ ဖြစ်လာကြောင်း ဒေသခံတို့ထံမှသိရသည်။ 

“ကျွန်မတို့ အိမ်မှာ ဝက်သားမဝယ်စားဖြစ်တာ ကြာပြီ။ နှစ်သောင်းလောက်အထိ ဈေးတက်လာပြီးတည်းက မဝယ်စား ဖြစ်တော့ဘူး။ တစ်လတစ်ခါတော့ ထောင်ဝင်စာပို့တဲ့အခါ တစ်သောင်းဖိုးတော့ ဝယ်ပေးဖြစ်တယ်။ အိမ်မှာတော့ သီးသန့် ဝယ်မစားဖြစ်ဘူး” ဟု ထားဝယ်မြို့က နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးသည်က ပြောသည်။  

ဝက်သားစျေးတက်သဖြင့် ရောင်းအားကျသွားသော်လည်း အရှုံးခံပြီး ရောင်းချရန် မဖြစ်နိုင်ကြောင်း ဝက်ဒိုင်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားက ဆိုသည်။ 

“(စျေးနှုန်း) ထိန်းတယ်ဆိုတာ ကုန်ကြမ်းရှိရင် ကုန်ကြမ်း ကျွန်တော်တို့ကို ထုတ်ပေးနိုင်ရင် ဈေးကွက်ထိန်းလို့ရတယ်။ ကုန်ကြမ်းကျတော့ တစ်ကောင်မှ ထုတ်မပေးဘဲ ကျွန်တော်တို့ကို ထိန်းဖို့ဆိုရင် အလုပ်လုပ်လို့မရဘူး။ ကျွန်တော်တို့မှာ စည်ပင်အခွန်တွေ သွင်းထားရတာတွေရှိတယ်။ သွင်းထားတဲ့ဟာတွေရမှပဲ ကျွန်တော်တို့လည်း အလုပ်လုပ်လို့ ရမှာပေါ့။ အရှုံးခံပြီးတော့ ဘယ်လိုလုပ်ရမလဲ” ဟု ၎င်းက ပြောသည်။ 

အမဲသားဈေးမှာမူ တစ်ပိဿာလျှင် နှစ်သောင်းကျပ်၊ ကြက်သားတစ်ကောင် ၂၂၀၀၀ ကျပ်ခန့်ရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။