BREAKING
October 18, 2024

ဘန်ကောက်တွင် စက်ရုံလုပ်သား မြန်မာဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်

October 4, 2024

ဓာတ်ပုံ - MHAC မဟာမိတ်အဖွဲ့။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်းကို ကံထူးကြောင်း မြန်မာအလုပ်သမားအရေးကူညီနေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၇၁၈၆၆၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။

ထီပေါက်သော ဇနီးမောင်နှံနှစ်ဦးသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၉ နှစ်ကျော် ရှိပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ဇနီးမောင်နှံနှစ်ဦးသည် ထီဆုငွေထုတ်ယူရန် MHAC မဟာမိတ်အဖွဲ့ကို ကူညီတောင်းခံခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူထံ ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

“ထီပေါက်တဲ့ လင်မယားက မြန်မာအလုပ်သမားတွေ အကူအညီတောင်းခံတဲ့အချိန် ရုံးအဖွဲ့သားတွေ မြန်မြန် သွားနိုင်အောင်ဆိုပြီး ကားတစ်စီး လှူဒါန်းပေးခဲ့တယ်။ ဒုက္ခရောက်လာလို့ ရုံးမှာ ခိုလှုံနေတဲ့ မြန်မာအလုပ်သမားတွေကိုလည်း ဘတ်တစ်သိန်းကျော် ကူညီပေးခဲ့တယ်” ဟု ကိုရဲမင်းက ဆိုသည်။

ထီပေါက်သော ဇနီးမောင်နှံနှစ်ဦးသည် မွန်ပြည်နယ်ဇာတိဖြစ်ပြီး ထီပေါက်ပြီးနောက် ထိုင်းနိုင်ငံတွင်သာ ဆက်လက် အလုပ် လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းက ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၅၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်သော ထိုင်းထီ ပထမဆု ဘတ် ခြောက်သန်းကို စစ်မှုထမ်းစာရင်းပါသဖြင့် ရှောင်ပြေးလာသော ကန်ချနဘူရီက မြန်မာနိုင်ငံသားတစ်ဦးလည်း ထီပေါက်ခဲ့သေးသဖြင့် ယခုလတွင် မြန်မာနိုင်ငံသားများ ဘတ် ၁၂ သန်းအထိ ထီပေါက်ခဲ့ခြင်းဖြစ်သည်။