ထိုင်း-မြန်မာနယ်စပ်မြို့လေး ရနောင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ဂယက်ကြီးတစ်ခုရိုက်ခတ်သွားပြီး သောကကိုယ်စီ တောက်လောင်နေကြသည်။
မြန်မာလုပ်သားများထံမှ အထောက်အထား စာရွက်စာတမ်းများကို ဘတ်သုံးထောင်ဝန်းကျင်ဖြင့် ပွဲစားများက ငှားရမ်းပြီး ယင်းအထောက်အထားများဖြင့် ဆိုင်ကယ်အရစ်ကျဝယ်ကာ မြန်မာဘက်ခြမ်း ကော့သောင်းသို့ ဆိုင်ကယ်မှောင်ခိုတင်သွင်းမှုမှာ ရနောင်းတွင် ခေတ်စားနေသည်။
သို့သော် အရစ်ကျဝယ်ထားသည့် ဆိုင်ကယ်များကို မြန်မာဘက်သို့ မှောင်ခိုတင်ပို့ချိန်တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိသွားပြီး ပြဿနာက မီးခိုးကြွက်လျှောက်လိုက်လာသည်။
ယင်းကြောင့် ပွဲစားများ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်အရစ်ကျဝယ်ရန် အထောက်အထားငှားထားသူများ စိုက်လျော်ရမည့် အခြေအနေဖြစ်နေသည်။
ယင်းပြဿနာကို မြန်မာအလုပ်သမားများ မည်သို့ဖြေရှင်းနိုင်မည်ကို သိရှိနိုင်ရန် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်ကို မေးမြန်း၍ ကောက်နုတ်တင်ဆက် လိုက်ပါသည်။
DW ။ ရနောင်းမှာ ဆိုင်ကယ်အရစ်ကျထုတ်ပြီး လိမ်ခဲ့တဲ့ နောက်ဆုံးအခြေအနေက ဘာဖြစ်သွားလဲခင်ဗျား။
ဖြေ ။ ဥပဒေအရကတော့ ကိုယ့်က ကိုယ့်ရဲ့အထောက်အထားဗီဇာစာအုပ်နဲ့ ကိုယ်က သွားဝယ်ထားတာလေ။ ဝယ်တဲ့သူက ပေးရမှာပဲနောက်ဆုံးကတော့။ မပေးရင်တော့ တရားစွဲခံရမယ် ဒါပဲရှိတယ်။ တစ်ချက်က အမှန်မှာက ညှိကြရမှာပေါ့နော်။ဝယ်ခိုင်းတဲ့လူကိုလည်း တရားစွဲ စွဲပြီးရင်ဝယ်ခိုင်းတဲ့ သူကလည်း ဘယ်လိုလုပ်ပေးမလဲ ဘယ်လိုတာဝန်ယူပေးမလဲ။ ဒီအကြွေးကို ဘယ်လိုဆပ်မလဲ အဲလိုပဲရလိမ့်မယ်။
DW ။ အခုကြားတာက ဝယ်ခိုင်းတဲ့လူတွေက ရှောင်ထွက်သွားကြတယ်ပေ့ါလေ။ ကော့သောင်းဘက်ကို သွားကြပြီကြားလို့ပါခင်ဗျား။
ဖြေ ။ ဒီမှာရှိတဲ့လူလည်းရှိတယ်။ ရှောင်ထွက်သွားကြတဲ့လူလည်း သွားတယ်လို့ ပြောသံကြားတာပဲ။
DW ။ မနေ့ကတော့ ဆယ်ယောက်လောက်ကတော့ ကုမ္ပဏီနဲ့ ညှိပြီးတော့ တစ်လကို တစ်ထောင်ပေးသွင်းမယ်ဆိုပြီး ညှိကြသူတွေ ရှိတယ်လို့ ကြားတယ်ခင်ဗျား။
ဖြေ ။ အဲလိုပဲ ညှိလို့ရမယ်ခင်ဗျား။ ကျွန်တော့်ဆီလည်း လာတာအယောက်တစ်ရာကျော်ရှိတယ်။ လာတိုင်တာလေ။ လာပြောတာ။ သူတို့အဲလို အလိမ်ခံရတယ်ဆိုလို့။ အဲတော့ ဘယ်လိုပဲ အလိမ်ခံရရ ကိုယ့်အနေနဲ့ကတော့ ကိုယ့်ကိုလိမ်တဲ့လူကို တရားတော့စွဲ။ ပြီးမှ ကုမ္ပဏီကို ကိုယ်က အထောက်အထားပြ။ ဒီမှာ သူက ကျွန်တော့်ကို ဝယ်ခိုင်းလို့ ကျွန်တော်က မသိဘဲနဲ့ ဝယ်ပေးလိုက်ရတယ်ပေါ့။ ဝယ်ပေးလိုက်ရတဲ့ဟာကို ပိုက်ဆံမသွင်းတော့မှပဲ ကျွန်တော်ကသိတယ်။(ပုံမှန်အားဖြင့်) တစ်လကို ၃ ထောင်ဆပ်ရမယ်ဗျား။ ၃ ထောင်တော့ မဆပ်နိုင်ဘူးပေါ့။ တစ်လကို ၅၀၀ နှုန်းလောက် ၁၀၀၀ နှုန်းလောက်ဆပ်ပါ့မယ်။ အဲလိုမျိုးညှိလို့ သူတို့ကို ပြောပြီးပြီလေ။ တစ်ချို့(အလိမ်ခံရသူ)ကတော့ လက်ခံတယ်။ တစ်ချို့တွေကလည်း ပေးစရာမလိုဘူးဆိုပြီးတော့။
ကုမ္ပဏီဘက်ကလည်း သူရောင်းတယ်ဆိုကတည်းက အဲဒီလာဝယ်ခိုင်းတဲ့လူကို ရောင်းတာမဟုတ်ဘူးလေ။ သူ့ရဲ့အထောက်အထားထဲက သူကိုယ်တိုင်ကနေပြီး အင်တာဗျူးဖြေပြီး ဝယ်တာလေ။ ဒီဆိုင်ကယ်ကို တစ်လကို ဘယ်လောက်သွင်းပါမယ်။ဒီဆိုင်ကယ်က စီးဖို့။ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ နေတဲ့အခန်းတွေမှာ ဓာတ်ပုံလိုက်ရိုက်တယ်။ ပြီးတော့ ထိုင်းမှာနေတဲ့ ဘယ်နှစ်နှစ်ရှိပြီ။ အဲဒါတွေအကုန်ယူပြီးမှ သူတို့ကရောင်းတာလေဗျာ။
အဲလိုမျိုးတော့ သွားငြင်းလို့ဘယ်ရမလဲ။ ကျွန်တော်မသိဘူး။ သူက ဝယ်ခိုင်းလို့ ကျွန်တော်ဝယ်ရတယ်ဆိုတာက ဒါက ကလေးမှမဟုတ်တာ။ ကုမ္ပဏီနဲ့ညှိရုံပဲ။ မညှိဘူးဆိုရင် ကုမ္ပဏီက တရားစွဲလိုက်ပြီဆိုရင် ဒီ ၁ နှစ် ၂ နှစ်မှာကတော့ ပြဿနာမရှိဘူး။ အမှုရင်ဆိုင်နေလို့လေ။ မသွင်းဘဲလည်း နေနေလို့ရတယ်။တရားရုံးကလည်း ဘယ်လိုပဲဖြစ်ဖြစ် သူ့နိုင်ငံမှာ အလုပ်သမားတွေ တစ်ကယ်ဆိုင်ကယ်ဝယ်ထားတယ်ဆိုတာ ဖြစ်နေတယ်လေ။
လူ(အခြားလူ)လိမ်တာ သူသိမှာမဟုတ်ဘူးလေ။သူကတော့ ပိုင်ရှင်ကိုပဲ အမိန့်ချမှာပဲ။ဘယ်နေ့ဘယ်အချိန်က ဒါကအထောက်အထား၊ ဓာတ်ပုံ၊လိပ်စာ၊ ဒီမှာလစဉ်ကြေး။ ပုံမှန်ပေးမယ်လို့ဝယ်ထားတယ်။တရားရုံးက အမိန့်ချရင်လည်း ဒီစာအုပ်(ပတ်စပို့)ပိုင်ရှင်ကိုပဲ အမိန့်ချမှာ။အမှုရင်ဆိုင်ပြီး အမှုရှုံးခဲ့ရင် ထိုင်းမှာနေလို့မရပြီ။ ပိုက်ဆံလည်းပေးရအုန်းမယ်။ မပေးရင်သူက ကိုယ့်ကိုပြည်နှင်ဒဏ်ပေးမှာ။အချုပ်ကျရင် ကျဦးမှာ။
အဲလိုမျိုးဆို ညှိလိုက်။ တစ်လကို ၃ထောင်ပေးရမယ့်ဟာကို ငါးရာ တစ်ထောင် အဲလိုမျိုးပဲ ညှိကြလို့ပြောတယ်။ တစ်ချို့တွေကတော့သွားညှိတယ်။ တစ်ချို့တွေကတော့ အားကိုးရှာပြီးတော့ မပေးဘူး။ ငါနဲ့မဆိုင်ဘူးဆိုပြီး အဲလိုခေါင်းမာတယ်။ အဲလိုခေါင်းမာရင်တော့ ကိုယ်ပဲခံရမှာပေါ့။ကိုယ့်ရဲ့ ပတ်စပို့တွေဘာတွေ သုံးလို့မရဘဲဖြစ်မှာလေ။
အခုက ကုမ္ပဏီက သူတို့ကို တရားမစွဲသေးဘူး။ ကုမ္ပဏီက သူတို့ပိုက်ဆံသွင်းဖို့အတွက်ပဲ လာပြောသေးတယ်။ပိုက်ဆံ(မသွင်းတာ) ၂ လရှိပြီ။ ၃လရှိပြီပေါ့နော်။ အဲဒါတွေသွင်းရမယ် အဲဒါပဲ လာလာညှိတာ။ဒါပေမယ့် ဝယ်ခိုင်းတဲ့လူကို တရားစွဲပေါ့။ တစ်ကယ်သူမဝယ်ထားဘူး။ဝယ်ခိုင်းတဲ့သူက သူ့ကို လိမ်ပြီးဝယ်ခိုင်းတာဆို အဲလူကို တရားသွားစွဲ။အဲဒီတရားစွဲစာရွက်(ပြပြီး) ကုမ္ပဏီနဲ့ညှိ။ကုမ္ပဏီကလည်း ကြည့်ဦးမှာလေ။ တစ်ကယ်လိမ်ခံရလား။ တစ်ကယ်ပဲ ဒီဆိုင်ကယ်ကို သူကိုယ်တိုင်က ဝယ်ပြီးရင် စီးနေတာလား ရောင်းလိုက်တာလားဆိုတာ။
DW ။ အဲဒီဖြစ်စဉ်က ဖြစ်လာတာ ဘယ်လောက်ကြာပြီလဲခင်ဗျား။
ဖြေ ။ လွန်ခဲ့တဲ့ ၆ လလောက်က အလုပ်သမားအရေး(လုပ်နေသည့်) SAFWA -Ko Thar Kyaw ပေ့ချ် ဒီအကြောင်းကို စဖြစ်လာကတည်းက ပြောပြထားပြီးပြီ အလုပ်သမားတွေကို ။ အဲလိုမျိုးစာအုပ်(ပတ်စပို့)မငှားနဲ့ ။ အရင်တုန်းက နှစ်ထောင် သုံးထောင်စာအုပ်ဝယ်(ငှား)တယ် သိရတော့ အလုပ်သမားတွေကို အလုပ်သမားအရေး အသိပညာပေး ဆင်းတယ်မဟုတ်လား။ အဲဒီအချိန်ပြောပြတယ် သူတို့ကိုလေ။
ကိုယ့်ရဲ့အထောက်အထားတွေကို ဘယ်သူ့ဆီကိုမှ မငှားနဲ့။ မပေးနဲ့။ ဘာဖြစ်လို့လဲဆို ဒီအထောက်အထားနဲ့ သူများက တစ်ခုခုသွားဝယ်တာတို့၊ တစ်ခုခုသွားပြီးလုပ်တာတို့ဆိုရင် ကိုယ်က ခံရမယ်ဗျ။ အဲဒီပိုက်ဆံ နှစ်ထောင် သုံးထောင်ကို မမက်ကြနဲ့ပေါ့နော်။ ကျွန်တော်တို့ပြောပြတယ်။
ရပ်ကွက်တွေမှာလည်း သင်တန်းလည်းပေးတယ်။ ကျွန်တော်တို့ ပေ့ချ်မှာလည်း တင်ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေက ပေါ့ပေါ့တွေးတယ်ဗျား။
ကျွန်တော်တို့ သင်တန်းပေးနေတဲ့အချိန်တုန်းကဆိုရင် အဲလောက်မရှိသေးဘူး။ ရပ်ကွက်တစ်ခုအတွင်းမှာ ၅ ယောက် ၁၀ ယောက် အဲလောက်ပဲရှိသေးတယ်။အခုဆိုရင် တစ်ရပ်ကွက်မှာဆိုရင် အနည်းဆုံးမရှိဘူးဆိုရင် ၅၀ နဲ့ ၁၀၀(ဦး) အခုချိန်မှာ။
အခုက ဖြစ်သွားပြီးမှ ကျွန်တော့်ဆီမှာလာတိုင်တယ် ကိုသားကျော်ပြောတာမှန်ပါတယ်ဆိုတာ။ အခုချိန်မှာ ကျွန်တော်တို့ ဘာမှပြောလို့မရပြီလေ။
DW ။ အခုချိန်မှာ ဆိုင်ကယ်အစီးရေက ၁၅၀၀ လောက်ရှိတယ်လို့ ကြားရလို့ပါ။
ဖြေ ။ ဟုတ်ပါတယ်။ ၁၅၀၀ (စီး)လောက်ရှိတယ်။ ပွဲစားတစ်ယောက်တည်းတောင်မှ အယောက် ၁၀၀၀ လောက်(အလိမ်ခံရသူ) ရှိတယ်လို့ပြောတယ်။အမည်က မီးကမ်းရှိမယ်ဗျား။ ဝင်းဌေးရှိမယ်။ ပြီးတော့ မဖြူ၊ မခိုင်၊ ဝတုတ်မ။ သူတို့လာတိုင်ထားတဲ့စာရင်းထဲမှာတောင် ကျွန်တော့်မှာတောင် ၈ ယောက်လောက်ရှိတယ်။သူတို့လာတိုင်ထားတာ။
DW ။ အဲလိုမျိုးလိမ်တာက မကြာသေးဘူးလား ခင်ဗျား။
ဖြေ ။ တစ်နှစ်လောက်တော့ရှိပြီခင်ဗျား ဒီဆိုင်ကယ်(အမည်ခံပြီးဆိုင်ကယ်ဝယ်ခိုင်းတဲ့ဖြစ်စဉ်)က။ အရင်ကတော့သွင်းနေတယ်။ အစကတော့ ဒီ(ရနောင်း)ကနေ မြန်မာပြည်ကို သွင်းနေတယ်ပြောတာပဲ။ ဒီမှာဝယ်ပြီးတော့ ဟိုကို(ကော့သောင်း) ပို့တယ်။ပြီးတော့ ပိုက်ဆံကို ပုံမှန်သွင်းနေတယ်။ အဲဒီမှာ ဆိုင်ကယ် ၁၂ စီး ကရဘူရီမှာ အဖမ်းခံရတယ်။အဲဒီမှာ ပြဿနာတက်သွားတာပဲ။ ပြဿနာတက်သွားတဲ့အချိန်မှာ သူတို့ဆိုင်ကယ်တွေလို့ ပြောလိုက်တဲ့အချိန်မှာ ရဲတွေက စစ်ပြီးတော့ လိုက်တယ်ဗျား။
လိုက်တဲ့အချိန်မှာ သူတို့တွေ(လက်ရှိလိမ်ထားသူတွေ) အကုန်မိကြတယ်။ ထိုင်းရဲကလည်း ပိုက်ဆံပဲယူတယ်။ အမှုဟိုဟာ(မဖွင့်)ကြဘူး။ ပိုက်ဆံယူပြီးတော့ သူတို့ညှိကြတယ်။ ညှိကြပြီးတော့မှ နောက်ပိုင်းမှာ ဒီပွဲစားတွေက ပိုက်ဆံမသွင်းနိုင်ကြတော့ဘူး။ သွင်းရတဲ့ငွေကလေ ဒီဆိုင်ကယ်တွေဖိုးသွင်းရတာ ပွဲစားတစ်ယောက်ကို တစ်လမှာ ဘတ် ၃ သိန်းနဲ့ ၅ သိန်းကြားရှိတယ်တဲ့။အစီးရေက များတယ်ဆိုတော့။ အစီးရေက ရာဂဏန်း ထောင်ဂဏန်းရှိတယ်လေ သူတို့ယူထားတာ။
သူတို့ကလည်း မသွင်းနိုင်တော့ သူတို့ကလည်းရှောင်။ ရှောင်တော့ ကုမ္ပဏီမှာက ဘန်ကောက်ကုမ္ပဏီကို စာရင်းပုံမှန်မရောက်တော့တာ ၂ လ၊ ၃ လဖြစ်လာတယ်။ဖြစ်လာတော့ ဝယ်ပေးထားတဲ့စာအုပ်ပိုင်ရှင်(အထောက်အထာပိုင်ရှင်)တွေကို လိုက်ပြောတယ်။
ကုမ္ပဏီက လိုက်ရှင်းတဲ့အချိန်မှာ နာမည်ကြီးသွားတော့ ဟို(ပွဲစား)က ကြောက်ပြီးတော့ ပြေးတာပေါ့။ကြောက်ပြီးပြေးတာတော့ မဟုတ်ဘူး။ ရှောင်သွားတယ်။
DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။