မြန်မာဘက် မှောင်ခိုတင်ပို့မည့် ဆိုင်ကယ် ၁၂ စီးကို ရနောင်းမြို့အနီးရှိ ကရဘူရီဒေသတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိသွားသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ခဲ့သည့် ယင်းဖမ်းဆီးမှုမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား တရားစွဲခံရမည့် ပြဿနာ တစ်ရပ်ပေါ်ပေါက်လာသည်။
ဖမ်းမိသည့် ဆိုင်ကယ်များမှာ ရနောင်းမြို့တွင် အရစ်ကျဝယ်ထားသည့် ဆိုင်ကယ်များဖြစ်နေသည်။
မြန်မာနိုင်ငံသားများထံမှ အထောက်အထား စာရွက်စာတမ်းများကို အခပေးငှားရမ်းကာ ဝယ်ယူထားသော ဆိုင်ကယ်များဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။
ထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ ပတ်စပို့ကဲ့သို့ အထောက်အထားများငှားရမ်းပြီး ဝယ်ယူကာ လိမ်လည်ခဲ့သည့် ဆိုင်ကယ်အစီးရေ ၁၅၀၀ ဝန်းကျင်အထိရှိသည်ဟု ဆိုသည်။
နိုင်ငံကူးလက်မှတ်ငှားခဲ့သည့် မြန်မာနိုင်ငံသား တစ်ထောင်ကျော်ခန့် တရားစွဲခံရမည့်ကိန်း ဆိုက်ရောက်သွားခြင်းဖြစ်သည်။
ရနောင်းရှိမြန်မာလုပ်သားများအကြား တိုးတိုးတိတ်တိတ် ဖြေရှင်းနေသည့် ပြဿနာမှာ ယခုအခါတွင် အုတ်အော်သောင်းနင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
အထောက်အထား အငှားစျေးကွက်
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ အထောက်အထားများကို ပွဲစား (ဒေသအခေါ်) ဆိုသူများက အခငွေကြေးဖြင့်ငှားရမ်းကြသည်။
ထိုပွဲစားများမှာ မြန်မာနိုင်ငံသားများပင်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ နိုင်ငံကူးလက်မှတ်(ပတ်စပို့) ဗီဇာကဲ့သို့ အထောက်အထားများဖြင့် ထိုင်းကုမ္ပဏီများထံတွင် ဆိုင်ကယ်အရစ်ကျဝယ်ယူကြသည်။
ထိုသို့ အရစ်ကျဝယ်ယူရန်အတွက် နိုင်ငံကူးလက်မှတ် အထောက်အထားငှားရမ်းခအဖြစ် ရွှေ့ပြောင်းလုပ်သား တစ်ဦးလျှင် ဘတ်သုံးထောင်စီ ရရှိကြသည်။
ယင်းကဲ့သို့ အထောက်အထားကို အသုံးပြုပြီး အမည်ခံဆိုင်ကယ်ဝယ်ပေးသည့် ဈေးကွက်မှာ ပြီးခဲ့သည့် ၂ နှစ်ခန့်ကတည်းက စတင်ပေါ်ပေါက်လာခြင်းပြီး ယခုနှစ်အတွင်း တွင်ကျယ်လာကြောင်း ရနောင်းမြို့နေ အမျိုးသမီး တစ်ဦးက ဆိုသည်။
“အဲဒီအချိန်တုန်းက လူလိုက်ခေါ်ပေးစရာမလိုဘူး။ ကျွန်တော့်ကိုခေါ်ပါ ကျွန်မကို ခေါ်ပါနဲ့ ။ ပိုက်ဆံလိုနေကြလို့လေ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားပွဲစားများက အရစ်ကျစနစ်ဖြင့်ဝယ်ယူပြီး ဆိုင်ကယ်များကို မြန်မာဘက်ခြမ်းကို မှောင်ခိုတင်သွင်းရောင်းချကာ လစဉ်ပေးသွင်းရမည့် ငွေကြေးကို ဆက်လက်ပေးသွင်းနေကြသည်။
“ကော့သောင်းကမ်းမှာ အခုစီးနေကြတဲ့ဆိုင်ကယ်တွေက မြန်မာနိုင်ငံသားတွေဆီက ပတ်စပို့ ဗီဇာတွေငှားပြီးတော့ ထုတ်ထားတာ။ အဲဒီဆိုင်ကယ်တွေကို ဟိုဘက်က ပွဲစားတွေနဲ့ ဒီဘက်က ပွဲစားတွေချိတ်ပြီးတော့ ခိုးသွင်းပြီး ငွေပေါ်ရောင်းကြတာ”ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
ထိုအချိန်က ဆိုင်ကယ်အရစ်ကျဝယ်ယူထားသည့် ပွဲစားများက လစဉ်ပေးသွင်းရသည့်ငွေကြေးကို ပုံမှန်ပေးသွင်း နေသည့်အတွက် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပေ။
ပွဲစားများ ရှောင်ပြေးခြင်း
ထိုင်းကုမ္ပဏီများထံတွင် အရစ်ကျဝယ်ယူပါက ဆိုင်ကယ်တန်ဖိုးအပေါ်မူတည်ကာ ကနဦးပေးသွင်းငွေနှင့် လစဉ်ပုံမှန်ပေးသွင်းရသည့် ငွေကြေးပမာဏ ကွာခြားလေ့ရှိသည်။
ဥပမာအားဖြင့် ဘတ်ခြောက်သောင်းတန် ဆိုင်ကယ်တစ်စီးဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေ ဘတ်တစ်သောင်း ဝန်းကျင်ပေးသွင်းရသလို လစဥ် ဘတ်ထောင်ဂဏန်း ပေးသွင်းရသည်။
ဘတ် သုံးထောင်ဖြင့် ငှားထားသော အထောက်အထားများ အသုံးပြု၍ ဆိုင်ကယ်အရစ်ကျဝယ်ထားသည့် ပွဲစားများမှာ နောက်ပိုင်းတွင် လစဉ်သွင်းရမည့် ငွေကြေးကို ပေးသွင်းရန် ပျက်ကွက်လာကြသည်။
ပွဲစားများက အရစ်ကျပေးသွင်းရမည့်ငွေကြေးကို ဆက်မပေးသွင်းတော့ဘဲ မြန်မာဘက်ခြမ်းသို့ ရှောင်ပြေးသွားကြကြောင်း ရနောင်းမြို့နေ မြန်မာအချို့က ဆိုသည်။
လစဉ်အရစ်ကျပေးသွင်းရမည့် ငွေကြးပေးသွင်းရန်ပျက်ကွက်ရသည့် အကြောင်းအရင်းကလည်း ပေါ်လာသည်။
တရားမဝင်ဆိုင်ကယ်တင်ပို့ရာတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် မြန်မာနိုင်ငံသား လေး ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရနောင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းမိသွားခဲ့သည်။
၎င်းတို့ လေးဦးသည် ရနောင်းမြို့ရှိ ငွေကြေးလုပ်ငန်းရှင်တစ်ဦး၏ မန်နေဂျာနှင့် ဝန်ထမ်းများဖြစ်ကြပြီး ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က ဆိုင်ကယ် ၁၂ စီးနှင့် အခငွေကြေးဖြင့် မောင်းပို့ခဲ့သည့် မြန်မာနိုင်ငံသား လေးဦး ဖမ်းမိသည့်သတင်းက ရွှေ့ပြောင်းလုပ်သားများအကြား ပွတ်လောရိုက်သွားပြီး သောကကိုယ်စီ ဖိစီးလာသည်။
အဆိုပါ မြန်မာနိုင်ငံသား လေးဦးက ပို့ဆောင်ခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ဘတ်တစ်ထောင်ရရှိကြောင်း ထွက်ဆိုထားသည်။
သုံးထောင်တန်သောက
မိမိ၏ အထောက်အထားများဖြင့် အရစ်ကျဝယ်ထားသဖြင့် ပြဿနာတက်နေချိန်တွင် မှောင်ခိုဆိုင်ကယ်များ ဖမ်းမိမှုကြောင့် မည်သည့်ပြဿနာများ ထပ်ဖြစ်လာမည်ကို မသိရသေးသဖြင့် ပိုမိုစိုးရိမ်လာကြသည်။
ညှိနှိုင်းဖြေရှင်းနေရာမှ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသူများလည်း ရှိနေသည်။
ဘတ် သုံးထောင် ရလိုဇောဖြင့် အထောက်အထားငှားပေးခဲ့သူများနှင့် ငွေကြေးအနည်းငယ် ရသဖြင့် အထောက်အထား ငှားပေးမည့်သူ ရှာကြသည့် ကြားပွဲစားများက အဓိက တရားရင်ဆိုင်ကြရမည့် အခြေအနေဖြစ်နေသည်။
မြန်မာဘက်မှောင်ခိုပို့မည့် ဆိုင်ကယ် ၁၂ စီး ဖမ်းမိသွားချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးရာ က မီးခိုးကြွက်လျှောက်ဖြစ်လာပြီး ပွဲစားဆိုသူများ ရှောင်တိမ်းသွားကြသည်။
သတ်မှတ်အချိန်တွင် ငွေကြေးမပေးသွင်းတော့သဖြင့် ကုမ္ပဏီဘက်က ပတ်စပို့ပိုင်ရှင် မြန်မာရွှေ့ပြောင်းလုပ်သားများထံတွင် အကြွေးလာတောင်းကြတော့သည်။
“ငွေမသွင်းတာ ဘယ်နှစ်လရှိသွားပြီ။ မသွင်းရင် မင်းတို့ကိုဖမ်းမယ်။ မင်းတို့ပတ်စပို့တွေနဲ့ ထုတ်ထား တာကြောင့် မင်းတို့ပဲ တာဝန်ယူရမယ်။ မင်းတို့ကိုပဲ ဖမ်းမယ်လို့လာခြိမ်းခြောက်တော့ အကုန်လုံးက ကြောက်ကြပြီလေ”ဟု ရနောင်းမြို့နေ အမျိုးသမီးက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့၊ အာမခံကုမ္ပဏီဝန်ထမ်းဟု ယူဆရသူများက မြန်မာအလုပ်သမားများ ငှားရမ်းနေထိုင် သည့် အိမ်ခန်းနှင့် လုပ်ငန်းခွင်းအတွင်းအထိ လိုက်လာကြပြီး လက်ကျန်ငွေကို ခြိမ်းခြောက် တောင်းဆိုလာကြသည်။
“အခုက အလုပ်ဆိုဒ်တွေထဲအထိလာပြီးတော့ ပုလိပ်တွေ၊ ရုံးက စာရေးတွေက သိသိနဲ့ ငွေလာတောင်းတာတွေ၊ လာခြိမ်းခြောက်တာတွေလုပ်နေတယ်” ဟု ရနောင်းမြို့နေ မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ပတ်စပို့ကဲ့သို့အထောက်အထားငှားထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့က အွန်လိုင်းဆက်သွယ်ရေးပလက်ဖောင်း (Line) တွင် ဂရုဖွဲ့ကာ ဝိုင်းဝန်းဖြေရှင်းရန် ကြိုးစားနေသလို အလုပ်သမားကူညီရေးအဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်နေကြသည်။
မပိုင်သော်လည်း ဆိုင်ကြသူများ
ဆိုင်ကယ်အတွက် ငွေပေးသွင်းရန် အတောင်းခံနေရသော မြန်မာအလုပ်သမားများမှာ ယင်းဆိုင်ကယ်ကို စီးဖူးရန် မဆိုထားနှင့် မြင်တောင်မမြင်ဖူးသူများလည်း အများအပြားပင်။ ဘတ် သုံးထောင် ရမည်ဆို၍ အထောက်အထားငှားကာ လက်မှတ်ထိုးပေးလိုက်ခြင်းသာဖြစ်သည်။
အလိမ်ခံရသူများ စုဖွဲ့ထားသည့် Line Group တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃၀ ကျော်ပါဝင်နေပြီး လက်ရှိဖြစ်နေသည့် အခြေအနေများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဝေမျှပြောဆိုခြင်းများ လုပ်ဆောင်နေသည်။
မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်ကလည်း အလိမ်ခံရသူများအနေဖြင့် ဆိုင်ကယ်အတွက် ပေးသွင်းရန်ကျန်ရှိနေသေးသည့် လက်ကျန်ငွေကို ကုမ္ပဏီနှင့် ညှိနှိုင်းကာ တတ်နိုင်သမျှပေးသွင်းရန် အကြံပြုထားသည်။
ဆိုင်ကယ်အရစ်ကျဝယ်ထားသည့် ပတ်စပို့ကဲ့သို့ အာမခံအထောက်အထားများမှာ မြန်မာလုပ်သားများ၏ အထောက်အထားများဖြစ်နေသဖြင့် လက်ကျန်ငွေမပေးသွင်းနိုင်ဟု ငြင်း၍မရနိုင်ကြောင်း ကိုသားကျော်က ရှင်းပြသည်။
လက်ကျန်ငွေအား မပေးနိုင်ကြောင်း ငြင်းဆိုနေခြင်းထက် ဆိုင်ကယ်အတွက် ပေးသွင်းရန်ကျန်ငွေကို တဖြည်းဖြည်းချင်း ပေးသွင်းနိုင်ရေး အရစ်ကျရောင်းချထားသည့် ကုမ္ပဏီနှင့်ညှိနှိုင်းသင့်ကြောင်း ၎င်းက အကြံပြုသည်။
“တချို့တွေကတော့ အားကိုးရှာပြီးတော့ မပေးဘူး။ ငါနဲ့မဆိုင်ဘူးဆိုပြီး အဲဒီလိုခေါင်းမာတယ်။ အဲဒီလိုခေါင်းမာရင်တော့ ကိုယ်ပဲခံရမှာပေါ့။ကိုယ့်ရဲ့ ပတ်စပို့တွေဘာတွေ သုံးလို့မရဘဲဖြစ်မှာလေ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် တရားစွဲခံရမည်ဖြစ်ပြီး အမှုရင်ဆိုင်ပြီးပါကလည်း အထောက်အထားပိုင်ရှင်ကပင် အမိန့်ချခံရမည် ဖြစ်ကြောင်း ကိုသားကျော်က ပြောသည်။
လက်ရှိတွင် အဆိုပါပြဿနာအား ကူညီဖြေရှင်းပေးရန် ၎င်းထံ အကူအညီတောင်းချိတ်ဆက်လာသူ တစ်ရာကျော်ရှိကြောင်း ဆိုသည်။
လက်ရှိတွင်လည်း ပေးသွင်းရန်ကျန်ငွေများကို ကုမ္ပဏီနှင့် ညှိနှိုင်းကာ လစဉ်ပေးသွင်းရမည့် ငွေပမာဏ တစ်ခုသတ်မှတ်ပြီး သဘောတူခဲ့သည့် ဖြစ်စဉ်များလည်းရှိနေသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း အလိမ်ခံရသည့် မြန်မာလုပ်သား ၁၀ ဦးခန့်က ကုမ္ပဏီနှင့် ညှိနှိုင်းခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက Dawei Watch ကို ပြောသည်။
ထိုသို့ညှိနှိုင်းရာတွင် လစဉ်ပေးသွင်းရမည့် ငွေပမာဏကို သတ်မှတ်နိုင်ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ဥပမာအားဖြင့် တစ်လလျှင် ဘတ် သုံးထောင် ပေးသွင်းရမည်ဆိုပါက ကုမ္ပဏီနှင့် ညှိနှိုင်းချိန်တွင် တစ်လလျှင် ဘတ်ငါးရာ၊ ဘတ်တစ်ထောင်ပေးသွင်းရန် သဘောတူကြခြင်းဖြစ်သည်။
“တစ်ယောက်ကို တစ်လ တစ်ထောင်စီပေးသွင်းရမယ်။ နောက်လ နောက်လတွေဆိုရင် လကုန်ပြီး ၁၀ ရက်နေ့ဆို သွင်းရမယ်လို့ ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
မိမိပတ်စပို့နှင့် အရစ်ကျထုတ်ယူထားသည့် ဆိုင်ကယ်တန်ဖိုးကျေသည်အထိ သွင်းရမည်ဖြစ်ကြောင်း ညှိနှိုင်းရာတွင် ပါဝင်သူက ပြောသည်။
ဘတ်သုံးထောင်ရလိုဇောဖြင့် အထောက်အထားငှားပေးပြီး အမည်ခံပေးလိုက်သည့် ရနောင်းဒေသနေ မြန်မာလုပ်သားများမှာ ရုံးပြင်ကနား ရောက်မည့်အခြေအနေဆိုက်နေချိန်တွင် လိမ်လည်သွားသည့် ပွဲစားဆိုသူများက မြန်မာဘက်ခြမ်းကော့သောင်းမြို့တွင် အခြေမပျက်နေထိုင်နေကြကြောင်း ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ပွဲစားတွေကတော့ ကော့သောင်းမှာ အိမ်တွေဝယ် ခြံတွေ ဝယ်ကြတယ် အကြီးအကျယ်။ တစ်ကယ့်တစ်ကယ် လုပ်တဲ့လူတွေက လွတ်နေတယ်။ အခုက အဖျားအနား(လူရှာပေးသူနှင့် ပတ်စပို့ငှားသူ)တွေပဲ ထိနေတာ”ဟု ၎င်းက ပြောသည်။