BREAKING
January 11, 2025

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

October 4, 2024

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တစ်ရက်အတွင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိတ်ပကဖ) ပြန်ကြာရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုထဲရှိ ညောင်ပင်ကုန်းရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပကဖနှင့် ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိသည်ကို ရဲဘော်များက မျက်မြင်တွေ့ရှိခဲ့ ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

“စကစရဲ့ ၃၀၆ အမြောက်တပ်ဘက်က လက်နက်ကြီးနဲ့ တစ်ချက် နှစ်ချက်လောက်ပြန်ပစ်ခဲ့တာမျိုးတော့ ရှိတယ်” ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတွင် အင်အား ၆၀ ဝန်းကျင်ပါဝင်ပြီး တနင်္သာရီမြို့နယ် မော်တုန်းရွာ အခြေစိုက် (၃၀၆) အမြောက်တပ်ရင်းမှ မြိတ်ဘက်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် များက ဆိုသည်။

ယင်းအပြင် ယင်းနေ့ ညနေ ၄နာရီခန့်တွင်လည်း အဆိုပါစစ်ကြောင်းကို လာကြိုသည့် စစ်ကောင်စီတပ်ကားကို ရမ်းဖို ကျေးရွာတွင် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း မြိတ်ပကဖ တာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်က အများအပြား ထိခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှု ထိခိုက်မှုမရှိဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး Dawei Watchအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှု နှစ်ခုလုံးကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် တနင်္သာရီ ပကဖ၊ ဇုန်၃၊ တနင်္သာရီရိုးမ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပကဖ က ထုတ်ပြန်ထားသည်။